မြန်မာ့ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်တွေရဲ့ မှတ်တိုင်တခု အဖြစ် ခေတ်အဆက်ဆက် ပေးအပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆု၊ တနည်းပြောရရင် အကယ်ဒမီဆုပေးပွဲကြီး ကျင်းပမယ့်ရက်က တော့ ဖေဖော်ဝါရီ ၇ ရက်နေ့ ဆိုပြီး ဂဏန်းငြိမ် သွားပါပြီ။
အကယ်ဒမီပွဲကို နေပြည်တော် လေဟာပြင် ဇာတ်ရုံကြီးမှာ ကျင်းပတော့မှာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ကြီးကိုတော့ အရင်နှစ်တွေနဲ့ မတူဘဲ စနစ်တကျ သပ်ရပ် လှပဆန်းသစ်မှုရှိစေဖို့နဲ့ လုံခြုံမှုရှိဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက် သွားကြကြောင်းနဲ့ အကယ်ဒမီပွဲကြီးကို IT နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ထူးခြားဆန်းသစ်တဲ့ အစီအစဉ်တွေနဲ့ တင်ဆက် သွားမှာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြောစရာရှိတာက ဒီကနှစ် အကယ်ဒမီပေးပွဲရဲ့ လုံခြုံရေးကစလို့ အလုံးစုံသော ဝေယျာဝစ္စ မှန်သမျှကို MRTV-4 က တာဝန်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါပဲ။
သတင်း မီဒီယာသမားတွေကို သတ်မှတ်နေရာတွေမှာသာ ဓာတ်ပုံရိုက်ခွင့်၊ သတင်းရယူခွင့်တွေ ပေးထားပြီး ဒီထက်ပို ထူးအောင် သတင်းရယူချင်တယ်၊ ဓာတ်ပုံတွေ ရချင်တယ်ဆိုရင်တော့ MRTV-4 လက်အောက် ကသာ သွားရမယ် ဆိုတဲ့ သဘောတွေ သက်ရောက်နေတဲ့အတွက် မီဒီယာသမားတွေအကြား သို့လော သို့လော ပြောသံတွေ ညံနေပါတယ်။
MRTV-4 ကို ဒီပွဲကြီးရဲ့ အာဏာကုန် ပေးအပ်ထားတယ် ဆိုတဲ့သဘော သက်ရောက်နေတဲ့အတွက် တချို့ကလည်း မကျေမနပ် ဖြစ်နေကြပါတယ်။
“ကျနော်တို့ကတော့ ကိုယ့်ဂျာနယ်တိုက် အတွက်ကို ကိုယ့်ပုံတွေနဲ့ပဲ လုပ်ချင်တယ်လေ။ တကယ်လို့ သူတို့က ရိုက်ပေးမယ် ဆိုလည်း ကျနော်တို့က မကြိုက်ဘူး။ ပုံတွေက အကုန်လုံး တူနေမှာပေါ့။ အဲဒါဆို ကျနော်တို့လည်း ဘာလို့ ပွဲသွားတက် တော့မလဲ။ တီဗီကနေပဲ ကြည့်လိုက်တော့မှာပေါ့”လို့ အလင်းတန်းဂျာနယ် ရွှေအမြုတေမဂ္ဂဇင်းနဲ့ ဖူးငုံမဂ္ဂဇင်းတိုရဲ့ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ဧရာဝတီကို ပြောပါတယ်။
တကယ်လို့များ သတင်းတွေ ထွက်နေတဲ့အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ ပြည်တွင်းမီဒီယာသမားတွေ အနေနဲ့ နေပြည်တော်အထိ သွားပြီး သတင်းယူဖြစ်၊ မယူဖြစ် ဆိုတာပါ စဉ်းစားကြရတော့မှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိပြန်ကြားရေးနဲ့ ယဉ်ကျေးမှု တာဝန်တွေကို ပူးတွဲ ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနဲ့ MRTV-4 က လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များဟာ တော်တော်လေးလည်း အတွဲညီလှတယ်လို့ ပြောရမလိုပါပဲ။
သိပ်မကြာသေးခင် ကာလလောက်ကလည်း မြန်မာ့အနုပညာတွေကို နှစ်ပေါင်းများစွာ တင်ဆက်ဖျော်ဖြေ လာခဲ့တဲ့ အမျိုးသားဇာတ်ရုံကြီးကို ဦးကျော်ဆန်းက MRTV-4 ကို ထိန်းချုပ်ထားတဲ့ forever ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော် လက်ထဲ လွှဲပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နိုင်ငံတော် ပွဲကြီးတပွဲဖြစ်တဲ့ အကယ်ဒမီ ပေးပွဲကြီးကိုပါ MRTV-4 လက်ထဲ ထိုးအပ်တော့မှာလား ဆိုတာ မေးခွန်းထုတ်ရမလိုပါ။
မစပ်စု အနေနဲ့ကတော့ ဒီနှစ်မှာကျင်းပမယ့် ၂၀၁၀ ပြည့်နှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးကို အရင်နှစ်တွေနဲ့ မတူ တမူထူးခြားစွာ တင်ဆက်မယ်ဆိုတာ ဒါလားလို့ မေးလိုက်ချင်ပါတော့တယ်။
အကျဉ်းကျနေတဲ့ အနုပညာပစ္စည်းတွေကော ဘယ်တော့လွတ်မှာလဲ
အခင် စစ်အစိုးရလက်ထက်က မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယို လောကမှာ သည်းထိတ်ရင်ဖို ဇာတ်ကားတွေဖြစ်တဲ့ သရဲကားတို့၊ လူသတ်ကား တို့ကို တော်ကြာ ရိုက်ခွင့်ရပြန်ပြီ၊ တော်ကြာ အဓိပ္ပာယ်မရှိလို့ ရိုက်ခွင့်မရပြန်ဘူး ဆိုတဲ့ သတင်းတွေနဲ့ ဒါရိုက်တာတွေဟာ လုံးချာလည်ပြီး ရိုက်ခွင့်ရလို့ ရိုက်တဲ့သူက ရိုက်လိုက်ပြန်တော့ ပိတ်ပါတယ်ဆိုတဲ့ ပါးစပ်ဥပဒေနဲ့ ကိုယ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတွေကို ဗီရိုထဲထည့် ပြန်သိမ်းထားရတာမျိုး ခဏခဏ ကြားခဲ့ဖူးပါတယ်။
အခု အစိုးရသစ် လက်ထက်မှာ မျှော်လင့်မထားတဲ့ ပြောင်းလဲမှုမျိုးစုံနဲ့ ကြုံတွေ့ကြရ ပြန်တော့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယို လောကသားတွေကလည်း သူတို့လောကပါ ပြောင်းလဲနိုးဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အရင် ပြသခွင့်မရခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ပရိသတ်ရှေ့ ပြည်လည် ချပြနိုင်ဖို့ ကြိုးပမ်းကြပါ တော့တယ်။
သည်းထိတ်ရင်ဖို ဇာတ်ကားတွေအတွက် ထုတ်လုပ်သူတချို့နဲ့ ဒါရိုက်တာ တချို့က ပြင်ဆင်မှုတွေ ပြုလုပ်လာကြတယ်လို့ ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာပါ။
“ဒါဟာ သူတို့ဘက်က ဘယ်လိုလုပ်မလဲ ဆိုတာ သွေးတိုးစမ်းကြည့်တဲ့ သဘောပါ။ ဘာမှ မသေချာသေးဘူး။ သူတို့က ပြောတာပဲရှိတယ်။ ပြောပြီး ခွင့်ပြုထားတယ်ဆိုတဲ့ မူဘောင်က အတိအကျမရှိဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေးသမားတွေ လွတ်လာတယ်။ ကျနော်တို့ အနုပညာခံယူချက်နဲ့ ရိုက်ထားတဲ့ ကျနော်တို့ အနုပညာ ပစ္စည်းတွေ အကျဉ်းကျနေတယ်၊ မလွတ်သေးဘူး။ အဲဒါတွေ လွတ်မှ ကျနော်တို့ ယုံလို့ရမယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပါတယ်။
ဆင်ဆာအဖွဲ့က ပိတ်ထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား တချို့ကို ဆင်ဆာအဖွဲ့ဆီ ပြန်လည် တင်ပြတဲ့အခါမှာ “ယုံကြည်ချက် လွဲမှားစေနိုင်လို့ အိမ်မက် ပုံစံ လုပ်လိုက်ပါလား” ဆိုတဲ့ အဖြေပဲ ပြန်ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“မြန်မာကားတွေ ကြည့်လိုက်ရင် ကြောက်စရာကြီး၊ ပြီးရင် အိမ်မက်ဖြစ်နေလိုက်၊ စိတ်ကူးယဉ် ဖြစ်နေလိုက် ဆိုတာဟာ တကမ္ဘာလုံးကလည်း ဝိုင်းပြောနေပြီ။ မရှက်သေးဘူးလား မသိဘူး။ လျှော့ချခိုင်းတာမျိုးတော့ လက်မခံနိုင်ဘူး။ ခွင့်ပြုချင်ရင် ခွင့်ပြု၊ ခွင့်မပြုနိုင်ဘူး ဆိုရင်လည်း တခြားနည်းလမ်းနဲ့ ရအောင်တောင်းမယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆိုပါတယ်။
မောင်မျိုးမင်း စကားနဲ့ပဲ ပြောရမယ်ဆိုရင် အကျဉ်းကျနေတဲ့ အနုပညာ ပစ္စည်းတွေ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်းရင်း …။
များများရှုပ် … ပြီးတော့ ပြန်ရှင်း
ပရိသတ်နဲ့ အနုပညာသမားတွေအကြား တခါတလေ လွဲမှားပြီး ပြောဆိုမိတာတွေ၊ တမင်တကာ ပြောမှားဆိုမှား ဖြစ်သွားတာတွေ မကြာခဏဆိုသလို ဖြစ်တတ်စမြဲပါ။
တော်ကြာနေ မီဒီယာက ပြောလိုက်ပြီးကာမှ မီဒီယာသမားတွေကပဲ မှားရေးသလား၊ ပြောတဲ့သူကပဲ မှားသလားဆိုသလို ဘယ်သူ့ကို ဘယ်လို အပြစ်ဖို့ရမှန်းမသိ ဖြစ်တော့တာပါပဲ။
ဒီလိုကိစ္စတွေဟာ မြန်မာပြည်မှာသာမက ကမ္ဘာ့ရုပ်ရှင်အသိုင်းအဝန်းကြီးတခု ဖြစ်တဲ့ ဟောလီးဝုဒ်လို နေရာမျိုး မှာတောင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ သဘာဝ ပြဿနာတခုလို့ ဆိုရမလိုပါ။
မြန်မာ့အနုပညာ အသိုင်းအဝန်းမှာတော့ မကြာသေးမီကပဲ အဆိုတော် ဖြူဖြူကျော်သိန်းတယောက် သူ့ကို ဝေဖန်တဲ့ ပရိသတ်က ဟိုမရောက်ဒီမရောက်လို့ ပြောမိလိုက်တဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန်သံတွေ ညံခဲ့ပေမယ့် သူကတော့ တုတ်တုတ်တောင် မလှုပ်ခဲ့ပါဘူး။
အဲဒီနောက်မှာတော့ မြန်မာသံ တေးသီချင်းတွေကို ခေတ်ပေါ် တေးဂီတတွေနဲ့ တွဲဖက်မွှေနှောက်နေတဲ့ သားစိုးတယောက် “ဒေါ်အောင်ဆန်းစုကြည်ကရော ဘာလုပ်ပေးနိုင်မှာလဲ” ဆိုတဲ့ စကားတခွန်းနဲ့ ပရိသတ်တွေရဲ့ အပြစ်တင်သံတွေ ပွက်ပွက်ညံခဲ့လို့ မီဒီယာတွေကတဆင့် သူ့ရဲ့ ဆိုလိုရင်းဟာ အဲဒီသဘော မဟုတ်ပါဘူး ဆိုတဲ့ အကြောင်း ပြန်လည် ဖြေရှင်းတာ ကြားမိကြဦးမှာပါ။
အခု မကြာသေးတဲ့ ရက်ပိုင်းအတွင်းကမှ ဆယ်ကျော်သက် မော်ဒယ်လ်သရုပ်ဆောင် စံရတီမိုးမြင့်က “တနှစ်မှာ ဆရာဝန်ပေါင်း ထောင်နဲ့ချီပြီး ဖြစ်ပေမယ့် အနုပညာရှင် တယောက်ဖြစ်ဖို့က မလွယ်ဘူး” လို့ ဆိုလိုက်ပြန်တော့ ထုံးစံအတိုင်း အိုင်တီခေတ် ပရိသတ်တွေရဲ့ ဝေဖန်သံတွေ ညံလာခဲ့ပြန်ပါတယ်။
အဲဒီနောက်မှာတော့ သူလေးလည်း ကိုသားစိုးလိုပဲ ပြန်ရှင်းပါတယ်။
“အဓိက ပြောချင်တာကတော့ ရေးသူနဲ့ ဖြေတဲ့သူအကြားမှာ တယောက်နဲ့ တယောက်နားလည်မှု လွဲသွားတာပါ။ကျမ ပြောချင်တာက ဆရာဝန်တွေ ဖြစ်လာပြီဆိုရင် တနှစ်ကို ၁၀၀ ဖြစ်ချင်ဖြစ်မယ်၊ ၁၀၀၀ ဖြစ်ချင် ဖြစ်မယ်။ ဖြစ်တဲ့သူတိုင်းက ကိုယ့်လူနာကို ဘယ်လို အသက်ဆက်ရှင်အောင် ကုသပေးရမယ်ဆိုတဲ့ ရည် ရွယ်ချက် တခုတည်းပဲရှိတာပါ။ အနုပညာ လောကမှာက အနုပညာကိုချစ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်လာတဲ့ အနုပညာရှင်တွေ ရှိသလို မိမိတို့ ကိုယ်ပိုင် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဝင်လာတဲ့သူ တွေလည်းရှိပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေ ကြားထဲကမှ စစ်မှန်တဲ့ အနုပညာ သမားတယောက် ဖြစ်လာဖို့ မလွယ်ကူပါဘူး” လို့ စံရတီမိုးမြင့်က သူရဲ့ ဆိုလိုရင်းကို ဧရာဝတီကိုပြောပါတယ်။
သူ့အနေနဲ့ ဆရာဝန်လောကကိုရော၊ အနုပညာလောကကိုပါ ထိခိုက်ပြောဆိုတာ မဟုတ်ကြောင်းလည်း ဆိုပါတယ်။
အနုပညာလောကနဲ့ မီဒီယာအကြား ရေးသူနဲ့ ပြောသူတို့ အပေးအယူမျှကြပါစေကြောင်း …။