၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူအတွက် အကျိုးမရှိသော အစိတ်အပိုင်းတချို့ကို လွှတ်တော်တွင်း ရင်ဆိုင်၍ ပြုပြင်ပြောင်းလဲသွားမည် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပါပဲ။ ကျမတို့ လုပ်ကို လုပ်ရမယ်။ ရင်ဆိုင်ရဲရမယ်။ ဒီလိုပြောတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြပါလို့ ကျမ တိုက်တွန်းချင်တယ်” ဟု သူက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သွားရောက်ခဲ့သော ပထမဆုံး နိုင်ငံရေး စည်းရုံးလှုပ်ရှားမှု ခရီးဖြစ်သည့် ထားဝယ်ခရီးစဉ်အတွင်း ကြိုဆိုနှုတ်ဆက်ကြသည့် ထောင်ပေါင်း များစွာ သော ပြည်သူလူထုကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြည်တွင်းတွင် ဥပဒေ စိုးမိုးရေး လွန်စွာအရေးကြီးပြီး ပြည်သူများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများအား ဖယ်ရှားနိုင်ရေးအတွက် လွှတ်တော်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျမတို့နိုင်ငံမှာ တချို့ရှိနေတဲ့ ဥပဒေတွေက ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ ဟန့်တားထားတဲ့
ဥပဒေတွေရှိပါတယ်။ ဒါတွေကို ကျမတို့ လွှတ်တော်အတွင်းကနေ ဖယ်ရှားချင်တဲ့ဆန္ဒတွေ ရှိပါတယ်။ နောက်ပြီး တချို့ အနည်းအကျဉ်းပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့်ဥပဒေတွေလည်း ရှိပါတယ်” ဟု သူက ဆက်ပြောသည်။
ဥပဒေပညာရှင်နှင့် တိုင်ပင် စဉ်းစားကြည့်ရတွင် မြန်မာနိုင်ငံ၌ မလိုလားအပ်သည့် ဥပဒေ၊ ပြည်သူများ၏ ဘဝများကို မလိုလားအပ်ဘဲ ချုပ်ချယ် ထားသည့် ဥပဒေများ၊ ပြည်သူအများ၏ လုပ်နိုင် ကိုင်နိုင်မည့် အခြေအနေကို ကန့်သတ် ထားခြင်းများ ရှိနေသည်ကို တွေ့ရကြောင်း၊ ထို ဥပဒေများအား စတင် ဖယ်ရှားရမည် ဖြစ်ကြောင်း ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေ့လာ၊ မဖတ်ရှု၊ မသိနားမလည်ဘဲနှင့် ပြောင်းချင်သည်ဟု ပြော၍ ရနိုင်မည် မဟုတ်ကြောင်း၊ မည်သည့်အတွက် ပြောင်းလဲရန် လိုအပ်သည်၊ မည်သည့် အစိတ်အပိုင်းများကို ပြောင်းလဲရန် လိုအပ်သည် စသည်တို့ကို NLD အဖွဲ့ဝင် တဦးချင်း သိထားရန် လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူကို ပြန်လည် ရှင်းပြနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
“နိုင်ငံရေးပါတီတွေ ဖွဲ့စည်းထားတယ်ဆိုတာ ဒါအတွက်ပဲ။ ပြည်သူတွေက အချိန်ပြည့် နိုင်ငံရေးကိစ္စတွေကို လေ့လာနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လဲဆိုတော့ မိမိတို့ရဲ့ နိစ္စဓူ၀ ဘဝနဲ့ ရုန်းကန်နေရလို့ပဲ ဖြစ်ပါတယ်။ သို့သော်ငြားလည်း ပြည်သူတိုင်း ပြည်သူတိုင်းက နိုင်ငံရေးမှာ စိတ်ဝင်စားဖို့ လိုတယ်။ အခြေခံအားဖြင့် နိုင်ငံရေးက နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတာကို လက်ခံနားလည်ဖို့ လိုပါတယ်။ အဲဒီလို နားလည် လက်ခံလာအောင် လုပ်ဖို့ ဆိုတာကလည်း နိုင်ငံရေး ပါတီများရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
NLD ရွေးကောက်ပွဲ ဝင်ရန်ဆုံးဖြတ်ရခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။
“ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အင်မတန် အလေးထားပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ကချင် ပြည်နယ်မှာ အပစ်အခတ် မရပ်သေးဘူး။ ဒီတော့ ကျမတို့ရဲ့ ကချင်ညီအစ်ကို မောင်နှမသားချင်းတွေ ဘယ်လောက် ဒုက္ခရောက်မလဲ ဆိုတာ စဉ်းစားကြည့်ကြပါ။ စာနာကြပါ။ ဒါကြောင့်လည်း ကျမတို့က နေပြီးတော့ ကချင် ဒုက္ခသည်တွေ အတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့တာတွေ လုပ်ပါတယ်။ အားလုံးက အချင်းချင်းပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
နိုင်ငံ တနိုင်ငံလုံးတွင် တနေရာ မအေးချမ်းလျှင် တနိုင်ငံလုံး မအေးချမ်းဟု ယူဆရမည်ဖြစ်ကြောင်း၊ လွတ်လပ်ခြင်း ဆိုသည်မှ ခွဲခြား၍ မရနိုင်ကြောင်း၊ တဦးတယောက် မလွတ်လပ်ခြင်းသည် နိုင်ငံ မလွတ်လပ်ခြင်း၊ တဦးက ဥပဒေအကျိုး ခံစားပိုင်ခွင့် မရှိခြင်းသည် တတိုင်းပြည်လုံး ဥပဒေ၏အကျိုး ခံစားပိုင်ခွင့် မရှိခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် သူက NLD နှင့် ကိုယ်စားလှယ်လောင်းများ အားလုံးကို ပြည်သူအား မလှည့်ဖြားကြရန်နှင့် လှည့်ဖြားသူများသည် မည်မျှပင် အရှိန်အဝါ ကြီးစေကာမူ ရေတိုသာ ဖြစ်နိုင်ပြီး ရေရှည်တွင် မရပ်တည်နိုင်ကြောင်း အကြံပြု ပြောဆိုသည်။
“ပြည်သူကို လှည့်ဖျားတဲ့ နိုင်ငံရေးအဖွဲ့အစည်း ပုဂ္ဂိုလ်တွေက အချိန်တိုအတွင်းမှာ ဘယ်လောက်ပဲ အရှိန်အဝါ တက်နေနေ ရေတိုပဲဖြစ်ပါလိမ့်မယ်။ ရေရှည်မှာ ကျသွားပါလိမ့်မယ်။ ပြည်သူ အကျိုးကို ထမ်းဆောင်ရင် ပြည်သူအပေါ်မှာ စေတနာ ထားရမယ်။ မတည်နိုင်တဲ့ ကတိတွေကို အလွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကို မဲပေးလို့ရှိရင် ဒါလုပ်ပေးမယ်၊ ဒါလုပ်ပေးမယ် မပြောပါနဲ့။ ကျမအမြဲပဲ ပြောပါတယ်၊ ကျမ အတတ်နိုင်ဆုံးလုပ်ပေးမယ်၊ ကျမ အကောင်းဆုံးလုပ်မယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ထားဝယ်ပြည်သူများအား ရှင်းပြသည်။
NLD ပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများ အနေနှင့် မဲဆွယ်လှုပ်ရှားရာတွင် ပြည်သူလူထု၏ စိတ်ဓာတ်ကိုသာ ဆွဲဆောင် စည်းရုံးရမည် ဖြစ်ပြီး ပစ္စည်းပေးခြင်း၊ ကတိပေးခြင်းများ မပြုလုပ်ကြရန်လည်း သူက တိုက်တွန်းသည်။
“ပြည်သူကို မဲလိုချင်တာနဲ့ ဟိုကတိလေးပေးလိုက်၊ ဒီကတိပေးလိုက် မလုပ်ရဘူး။ ကတိလည်း မပေးရဘူး၊ ပစ္စည်းလည်း မပေးရဘူးနော်၊ မဲဆွယ်တယ် ဆိုတာက စိတ်ဓာတ်အရပဲ ဆွယ်ရမယ်။ ကျမတို့ လိုချင်တာ ပြည်သူတွေရဲ့ မဲလားဆိုတော့ မဲကတော့ ရွေးကောက်ပွဲမှာ အရေးကြီးလို့ မဲလိုချင်တာတော့ အမှန်ပဲ။ တကယ်လိုချင်တာက ပြည်သူတွေရဲ့ စိတ်ထဲက ထောက်ခံမှုပဲဖြစ်တယ်။ မဲရပြီးတော့ ပြည်သူတွေရဲ့ မေတ္တာနဲ့ ယုံကြည်မှုကို မရလို့ရှိရင် ဘာမှ အဓိပ္ပာယ်မရှိတဲ့ အနှစ် သာရမရှိတဲ့ အရာပဲ။ ဒါက သင်္ကြန်အမြောက် လိုပါပဲ၊ အသံချည်းပဲရှိပြီးတော့ ဘာမှ အနှစ်သာရမရှိဘူး” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
ပြည်သူများသည် မိမိ၏ ရပိုင်ခွင့် မဲတပြားကို အသုံးချပြီး နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ သန့်ရှင်း တရားမျှတရေး အတွက်လည်း စောင့်ကြည့်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ ထားဝယ်ခရီးစဉ်အတွင်း ထားဝယ်မြို့ပေါ်၊ လောင်းလုံမြို့နယ်၊ အောက်ရေဖြူရွာ၊ သောကြာပြင်ရွာ၊ မောင်းမကန် ကမ်းခြေ အစရှိသည့် ဒေသများသို့ သွားရောက်ကာ ပြည်သူလူထုကို
မိန့်ခွန်းများ ပြောကြားခဲ့ပြီး ပြည်သူလူထု ထောင်ပေါင်များစွာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ခဲ့သည်။