မြန်မာနိုင်ငံ စီးပွားရေး အဆင့်မြှင့်ရန်နှင့် အနာဂတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုပွင့်လင်းလာစေရန် စင်ကာပူက သင်တန်းများ ပို့ချပေးရေး မြန်မာ-စင်ကာပူ နှစ်နိုင်ငံသဘောတူညီချက်ကို စင်ကာပူ၌ ယနေ့ လက်မှတ်ရေးထိုးသည်။
သမ္မတဖြစ်ပြီးနောက် အာဆီယံနိုင်ငံများအတွင်း ပထမဆုံး ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စင်ကာပူနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။
စင်ကာပူမှ ပို့ချပေးမည့် သင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး၊ အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ ပါဝင်မည်ဟု စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် သဘောတူချက်အရ သိရှိရသည်။
စင်ကာပူသည် မြန်မာနိုင်ငံတွင် ၆ ခုမြောက် အများဆုံးရင်းနှီးမြှုပ်ထားသည့် နိုင်ငံဖြစ်သည်။ ယမန်နှစ် နှစ်ဘက်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိပြီး မြန်မာပြည်သို့ ပို့ကုန် သုံးပုံနှစ်ပုံမှာ စင်ကာပူမှ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတ တိုနီ တန် ကင် ယမ်၊ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဂုဏ်ထူးဆောင် စီနီယာဝန်ကြီး ဂိုချုပ်တောင်တို့နှင့် တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ သမ္မတရုံး ဝန်ကြီးဌာနဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန်တို့ လိုက်ပါသွားသည်။
ဦးသိန်းစိန်သည် ၂၀၀၉ ခုနှစ်ကလည်း ဝန်ကြီးချုပ်အဖြစ် စင်ကာပူသို့ လာရောက်ခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန်၏ အလည်အပတ် ခရီးမတိုင်မီ စင်ကာပူ၏ အကြီးဆုံး အိမ်မြေယာအရောင်းအဝယ် ကုမ္ပဏီကြီးဖြစ်သော Far East Organization က မြန်မာစာနယ်ဇင်းသမား ၇ ဦးကို စရိတ်စက အလုံးစုံ အကုန်အကျခံ၍ ဖိတ်ခေါ်ခဲ့သည်။
လွန်ခဲ့သည့် ၈ နှစ်တာအတွင်း မြန်မာ့ အိမ်ခြံမြေ ရောင်းဝယ်မှုဈေးကွက် မြင့်တက်လာသည်ကို ၎င်းတို့ သတိပြုမိခဲ့ကြောင်း၊ အနာဂတ်တွင် ပိုမို မြင့်တက်မည့် အလားအလာရှိကြောင်း Far East Organization ၏ အရောင်းဒါရိုက်တာ Shaw Lay See က မြန်မာစာနယ်ဇင်းသမားတဦးကို ပြောဆိုခဲ့သည်ဟု သိရသည်။
၎င်းတို့အနေဖြင့် ရန်ကုန်ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း စစ်တမ်းကောက်ယူနေကြောင်း သိရှိရသည်။
မြန်မာ့လွှတ်တော်တွင် နောက်လ၌ တင်သွင်းဆွေးနွေးမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်က နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ရေးကို အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။
အဆိုပါဥပဒေသစ်အရ မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ရှစ်နှစ်ကြာ အခွန်ကင်းလွတ်ခွင့် ပြုနိုင်လိမ့်မည်ဟု ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာခံ၌ စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောဆိုခဲ့သည်။
“သူတို့ (နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ) တွေက ကျနော်တို့ကို မြန်မြန်လုပ်စေချင်နေကြတယ်။ ကျနော်တို့ကလည်း တံခါးဖွင့်ကာစ ရှိသေးတယ်” ဟု ဦးစိုးသိန်းက AFP သတင်းဌာနသို့ ပြောထားသည်။
ဦးစိုးသိန်းက ဒါဗို့စ် ညီလာခံ၌ မြန်မာ့စီးပွားရေးသည် ၂၀၁၂ တွင် ၆ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်လင့်ကြောင်းလည်း ပြောသွားသည်။
စစ်အစိုးရနှင့် လက်ထက်ကတည်းက ဆက်ဆံရေးမပျက်ခဲ့သော စင်ကာပူသည် မြန်မာဆိုက်ဘာ ပိတ်ဆို့ရေး နည်းပညာ အကူအညီပေးခြင်းများ၊ သမားရိုးကျလက်နက် ရောင်းချမှုများနှင့် ရဲဝန်ထမ်းများကို သင်တန်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း Jane’s Intelligence Review စစ်ရေးစာစောင်တွင် ဖော်ပြထားသည်။
ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား၊ အေးရှားဝေါလ် စီးပွားလုပ်ငန်းများပိုင်ရှင် စတီဗင် လော ခေါ် ဦးထွန်းမြင့်နိုင်၏ ဇနီးသည် စင်ကာပူနိုင်ငံသူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဥပဒေအရ မြန်မာနိုင်ငံမှ သူမ၏ ကုမ္ပဏီ ၁၀ လည်း ပစ်မှတ်ထားခံခဲ့ရသည်။
စင်ကာပူအစိုးရသည် Initiative for ASEAN Integration (IAI) အစီအစဉ်အရ ၂၀၀၀ ပြည့်နှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်၏ စီမံမှုဖြင့် ရန်ကုန်ရှိ ယင်း မြန်မာ-စင်ကာပူ လေ့ကျင်သင်ကြားရေး စင်တာ၌ ၂၀၀၁ ခုနှစ်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးဘာသာရပ်များ ပို့ချပေးခဲ့သည်။
စင်ကာပူရှိ လီကွမ်ယူ ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ ဌာနမှူး ကီးရှိုးမာဘူဘာနီက “နိုင်ငံတကာက အီရန်ကို ကိုင်တွယ်ဖို့ဆိုရင် အာဆီယံက မြန်မာအစိုးရကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘယ်လို ကိုင်တွယ်ဆက်ဆံခဲ့တယ် ဆိုတာကို ကြည့်သင့်ပါတယ်။ တဖြည်းဖြည်းနဲ့ တရစ်ပြီးတရစ်သွားတဲ့ သံတမန်နည်းမှာ နောက်ဆုံးတော့ အဖြေထွက်လာတာပါပဲ။ မြန်မာနိုင်ငံဟာ ပွင့်လင်းတဲ့ နိုင်ငံရေးစနစ်ကို မယုံနိုင်လောက်အောင် တက်လှမ်းသွားပြီ” ဟု ဒါဗို့စ် စီးပွားရေးညီလာခံတွင် သုံးသပ်ပြောဆိုသွားသည်။