မီဒီယာများနှင့်သက်ဆိုင်သည့် ဥပဒေကြမ်းတခုအား အိမ်နီးချင်းနိုင်ငံများ၏ မီဒီယာ ဥပဒေများကို လေ့လာ၍ ရေးဆွဲပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့်မှတ် ပုံတင် ဌာန၏ ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ယနေ့ ပြောလိုက်သည်။
ထိုဥပဒေကို လွှတ်တော်အစည်းအဝေးများ၌ မကြာမီ တင်သွင်းမည်ဟု ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်တွင် ယနေ့ကျင်းပသော မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့် ဝန်ကြီးနှင့် ၇ ကြိမ်၊ ဌာနအတွင်း အကြိမ် ၂၀ ဆွေးနွေးပြီးမှ ရေးဆွဲခဲ့ကြောင်း၊ ထိုဥပဒေသည် ပုံနှိပ်မီဒီယာ တခုအတွက်သာ ဖြစ်ကြောင်း၊ အွန်လိုင်းနှင့် ရုပ်သံမီဒီယာတို့ အတွက် မဟုတ် ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
လွှတ်တော်၌ ယင်းဥပဒေ အတည်ပြုပြီးပါက မီဒီယာဆင်ဆာ လျော့နည်းသွားမည်ဟု ဦးတင့်ဆွေက ဆွေးနွေးပွဲ တက်ရောက်လာသူများအား ပြောခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်လာသည့် ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက “ဒီ ဥပဒေ အတည်ဖြစ်သွားရင်တော့ မီဒီယာ သမားတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။
ထိုဥပဒေ၌ အခန်း ၁၀ ခန်းပါဝင်ပြီး စာရေးသူများ၊ စာနယ်ဇင်းသမားများ၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ စာပေလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည် ဖော်ရေးအတွက် စာနယ်ဇင်း ကော်မတီ၊ ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်း၊ ပြစ်ဒဏ်များ စသည်ဖြင့် ပါဝင်သည်။
ဆွေးနွေးပွဲအား Media Development in Democratic society ဟုအမည်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ တက်ရောက်၍ စာတမ်းများ ဖတ်ခြင်း၊ ဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး ပထမဆုံးသော မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တခု လည်း ဖြစ်သည်။
ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ စသည့်နိုင်ငံများက စာတမ်းများ ဖတ်ခဲ့ပြီး VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း၊ The Voice ဂျာနယ်တို့မှလည်း လက်ရှိပြည်တွင်း မီဒီယာ အခြေအနေများနှင့် ပိုမိုလွတ်လပ်ခွင့် ရရှိရေး ကိစ္စများအကြောင်း စာတမ်းများ ဖတ်ကြားခဲ့သည်ဟု သိရသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံမှ Asia Media Information Centre တို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး မနက်ဖြန်တွင် ပြီးဆုံးမည် ဖြစ်သည်။
မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်တွင်းအခြေစိုက် မီဒီယာများအပြင်၊ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ ဖြစ်သည့် BBC (မြန်မာပိုင်း) ဌာနမှူး ဒေါ်တင်ထားဆွေ၊ မဇိ္ဈမ သတင်းဌာနမှ တာဝန်ရှိသူများ အစ ရှိသူတို့လည်း တက်ရောက် ကြကြောင်းသိရသည်။