မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကာလတိုအတွင်း ဖြစ်နိုင်ခြေမရှိသေးဟု ဆိုသော ကျပ် ၅၀၀၀ တန် လက်ကိုင်ဖုန်း ဆင်း ကတ် များကို မကြာမီအချိန်အတွင်းရောင်းချနိုင်ရန် စီမံမည်ဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီက ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။
ကျပ် ၅၀၀၀ တန် လက်ကိုင်ဖုန်း ဆင်းကတ် များ ရောင်းချမည့် ရွှေပြည်တံခွန် ကုမ္ပဏီက ရန်ကုန်မြို့ ကုန်သည် ကြီးများ ဟိုတယ်တွင် ယနေ့ ဆွေးနွေးပွဲတရပ် ကျင်းပပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။
“ရွှေပြည်တံခွန်မှ မူလကတိပေးခဲ့သည့်အတိုင်း လူတဦးမှတ်ပုံတင် တခုလှျှင် ဆင်းကတ် တခု ၅၀၀၀ ကျပ်နှုန်းဖြင့် မကြာမီ အချိန်ကာလအတွင်း ရောင်းချပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးပမ်းဆောင်ရွက်တော့မည်ဖြစ် ကြောင်း ပြည်သူလူထုအား အသိပေး တင်ပြအပ်ပါသည်”ဟု ရွှေပြည်တံခွန် ကုမ္ပဏီ၏ ယနေ့ နေ့စွဲဖြင့် အချက် ၅ ချက်ပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT) သို့ Second MNO (Mobile Network Operator) ဆောင်ရွက်ရန် တင်ပြ ထားပြီးဖြစ် ကြောင်းနှင့် နည်းပညာပိုင်းနှင့် စီးပွားရေးအခြေခံ Model ကိုသာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အဆိုပြု အသိပေးခြင်း ဖြစ် ကြောင်းလည်း ရွှေပြည်တံခွန်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နေ့ထုတ် အစိုးရသတင်းစာများ၌ “ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်ခြင်းနှင့် တည်ဆဲ ဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ၎င်းကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ် တွင် ဖြစ်နိုင်ခြေ မရှိ သေး ကြောင်း” ဟူ၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန် ချက် ကို ဖော်ပြထားသည်။
မိုဘိုင်း ဖုန်း တလုံး ဆက်သွယ်ပြောဆိုနိုင်ရေးမှာ လုပ်ငန်းပိုင်းအနေဖြင့် မြေနေရာ ရှာဖွေ၍ ရေဒီယို စခန်းများ တည်ဆောက် ရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာ တပ်ဆင်ရခြင်း၊ မြို့တွင်းဆက်သွယ်မှု၊ တမြို့နှင့် တမြို့ဆက်သွယ်မှုစသည့် ပင်မဆက် သွယ်ရေးဆိုင်ရာ ဆက်ကြောင်းများ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထား သည်။
ကျပ် ၅၀၀၀ တန် တယ်လီဖုန်းဆိုင်ရာ ရှင်းလင်းပွဲတရပ်ကို ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေးသင်တန်းကျောင်း၌ ယမန်နေ့ ကလည်း ကျင်းပခဲ့ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှ နှင့် တာဝန်ရှိသူများ၊ ရွှေပြည် တံခွန် ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးနှင့် တာဝန်ရှိသူများလည်း တက်ရောက် ဆွေးနွေးသည်ဟု သိရသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ဦးလွင်နိုင်ဦးက နိုင်ငံတကာတွင် မိုဘိုင်ဖုန်း ဈေးသက်သာမှုကိုထောက်ပြဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံ သားတိုင်း မိုဘိုင်းဖုန်း ဈေးနှုန်း အသက်သာဆုံးနှင့် သုံးစွဲစေချင်သည့်အတွက် ကျပ် ၅၀၀၀ တန် တယ်လီဖုန်း ဖြန့်ဖြူး ပေးနိုင် ရေး လုပ်ငန်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဈေးအနည်းဆုံးနဲ့ ရောင်းနိုင်အောင်၊ လူတိုင်း လက်ကိုင်ဖုန်း သုံးနိုင်အောင် ကြိုးစားတာပါ”ဟု ဦးလွင်နိုင်ဦးက ပြောသည်။
အင်ဂျင်နီယာ ကျောင်းသားဟောင်း တဦးဖြစ်သူ ရန်ကုန်မြို့နေ ကိုဇော်ရဲဝင်းက မြန်မာ့ ဆက်သွယ်ရေး ဘက်က ပြောဆို နေ မှုများမှာ သဘာဝမကျကြောင်း၊ ရွှေပြည်တံခွန် ကုမ္ပဏီသည် နောက်ဆုံးပေါ် နည်းပညာများဖြင့် လူတိုင်း လက်ကိုင် ဖုန်း သုံးနိုင်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ နည်းပညာနှင့် စက်ပစ္စည်းများ၏ အခြေအနေ အရကိုပင် ကျပ် ၅၀၀၀ တန် ဖုန်း လူတိုင်းသုံးနိုင်ကြောင်း နောက်ကွယ်၌ အကြောင်းများကြောင့် ယခုကဲ့သို့ ဖြစ်နေခြင်းဟု ယူဆကြောင်း ပြောဆိုသည်။
“၅၀၀၀ တန်ဖုန်းပဲ စိတ်ဝင်စားပြီး မြန်မာ့ဆက်သွယ်ရေးက ရောင်းမယ့် ကျပ်၂ သိန်းခွဲ ၃ သိန်းတန်ဖုန်းတွေကို လူတွေက စိတ် မဝင်စားဘူး၊ ဒီ့နောက်ကွယ်မှာ အခြားဈေးကြီးကြီးနဲ့ ရောင်းချလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဆီက လာဘ်ယူမှုတွေ နဲ့ ရှုပ်ထွေးနေလို့ ဒီကိစ္စ အကောင်အထည်မပေါ်ဘဲ ဖြစ်နေတာလို့လည်း သတင်းထွက်တယ်”ဟု ကိုဇော်ရဲဝင်းက ပြော သည်။
လက်ရှိ မြန်မာနိုင်ငံတွင် GSM ၊ CDMA 450 Mhz ၊ CDMA 800 Mhz မိုဘိုင်းဖုန်းများကိုအများဆုံးအသုံးပြုနေကြ သည်။ ထိုအထဲတွင် FEC ၅၀ နှင့် ၂၀ တန် တခါသုံး ဖုန်းကတ်များကိုလည်း ပါဝင်သည်။
ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တခါသုံး FEC ၂၀ တန် GSM မိုဘိုင်းဖုန်းကတ်နှင့် FEC ၅၀ တန် တခါသုံး CDMA 450 MHz ဖုန်းကတ်များကို၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ဒီဇင်ဘာ လမှစ၍ FEC ၂၀ တန် တခါသုံး ဖုန်းကတ်ရောင်းချမှုကိုလုံးဝရပ်ဆိုင်းခဲ့သော်လည်း မကြာခင်က ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။
“၂၀ တန်ရော၊ ၅၀ တန်ဖုန်းကတ်တွေက ပြည်တွင်းမှာ အမြဲနေတဲ့သူတွေအတွက်က ပိုက်ဆံကုန်တာနဲ့ ဖုန်းနံပါတ် ပြောင်းနေ တော့ အဆင်မပြေဘူး။ တခါတလေ မြန်မာနိုင်ငံကို အလည်လာသူတွေအတွက်တော့ အဆင်ပြေချင် ပြေမယ်”ဟု ကိုဇော်ရဲဝင်း က ဧရာဝတီကို ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် GSM ဆက်သွယ်ရေး ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၀ ခု၊ CDMA 800 MHzရေဒီယိုစခန်း ၄၂ ခု တို့ကိုဆောက်လုပ်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင်မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင် အထိ GSM ဖုန်း၅၀၀၀၀ ကျော် ၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ချထားပေးပြီးဖြစ်ကြောင်း သိရှိရ သည်။
မြန်မာနိုင်ငံ၌မိုဘိုင်းဖုန်းစနစ်ကို ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာ စနစ်ဖြင့် စတင်ခဲ့ပြီး၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင် သုံးစွဲခဲ့ကာ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ခဲ့သည်။ WCDMA ဖုန်းများကို ၂၀၀၈ ခုနှစ်နာဂစ် ဖြစ်ပွားပြီး နောက်ပိုင်း ပြည်သူများကို သုံးစွဲခွင့်ပြုခဲ့သည်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ၂၀၁၀ နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ် သည်။