သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က လက်ခံပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ALP နှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့က စာရေးသား ကမ်းလှမ်းခဲ့သည့် အပေါ် တွင် ALP က လက်ခံခဲ့ခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတော့ ကောင်းတဲ့အရာပေါ့ဗျာ။ ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတယ်” ဟု ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီကို ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား ကြိုဆိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပါတီ ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူပြီး အကြောင်းပြန်မည်ဟု ALP က အစိုးရအား တုန့်ပြန်ခဲ့သည်။
“ပါတီ ဗဟိုကော်မတီအတွင်းမှာ ဆွေးနွေးရဦးမယ်။ ပြီးမှ ဘယ်အချိန်မှာတွေ့မယ်၊ ဘယ်နေရာမှာ တွေ့မယ်၊ ဘယ်နှယောက် တွေ့မယ်ဆိုတာ အကြောင်းပြန်မယ်လို့ စာပြန်ရေးထားတယ်” ဟု ပါတီ ဒု ဥက္ကဋ္ဌက ပြောသည်။
ပါတီဗဟိုကော်မတီ အစည်းအဝေးအား လာမည့် ဖေဖော်ဝါရီလအတွင်း ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ချ် ၃ နိုင်ငံ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသော ALP သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၇ ခုနှစ်မှ စတင်ကာ လက်နက်စွဲကိုင် တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။
အစိုးရ အဆက်ဆက်အား နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်ခဲ့သည့် ALP တွင် ပါတီဝင်နှင့် လက်နက်ကိုင် အင်အား ၃၀၀၀ ခန့် ရှိကြောင်း ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်က ဆိုသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ALP အား ကမ်းလှမ်းမှုအပေါ် ကြိုဆိုကြောင်း ရခိုင်အမျိုးသား ဒီမို ကရေစီ ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခုလို အပစ်အခတ် ရပ်စဲတယ်။ ဒီကနေတဆင့် နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုရင်တော့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့ဝင် ဖြစ်သည် ALP ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ကရင်ပြည်နယ် တနေရာတွင် ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးခိုင်မိုးလင်းက စတင် တည်ထောင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ဇန်နဝါရီလအတွင်း ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA – S) နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပြီး KNU၊ မွန်ပြည်သစ်ပါတီတို့နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ထို့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကိုလည်း ငြိမ်းချမ်းရေး ဆွေနွေးရန် ကမ်းလှမ်းထားသည်။
သို့သော် ၇ လ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ မအောင်မြင်သေးဘဲ ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲများ လျှော့ချရန်သာ သဘောတူညီမှု ရရှိထားသည်။