အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကြေးများကို အမေရိကန်ဒေါ်လာ ၁ သောင်းဖိုးအထိ စာရွက်စာတမ်း ပြသရန်မလိုဘဲ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲလှယ်ရေးစင်တာများတွင် မနက်ဖြန်မှ စတင်ကာ လွတ်လပ်စွာလဲလှယ်နိုင်ပြီ ဖြစ်သည်။
အဆိုပါ လဲလှယ်မှု အစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသားများရော နိုင်ငံခြားသားများပါ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်း မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဧရာဝတီသို့ ပြောသည်။
ယင်းခွင့်ပြုချက်အရ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို အမေရိကန်ဒေါ်လာ ၁ သောင်းဖိုးအထိ လဲလှယ်နိုင်မည်ဖြစ်သည်။
“အခုဆို မြန်မာပြည်ကို ပြည်ပခရီးသွားတွေ အရမ်းလာနေပြီလေ။ သူတို့အတွက် အဆင်ပြေတာပေါ့။ မြန်မာပြည်မှာ ခရက်ဒစ်ကတ် စနစ်က မတွင်ကျယ်သေးတော့ ခရီးသွားတွေ လိုသလောက်လဲပြီး သုံးနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ လဲလှယ်ခွင့် ပြုလိုက်ခြင်းကြောင့် ကျဆင်းနေသည့် ငွေလဲလှယ်မှုနှုန်းထားလည်း ပြန်လည် မြင့်တက်လာနိုင်ကြောင်း ဦးချစ်ခိုင်က သုံးသပ်သည်။
ယမန်နေ့က ထုတ်ပြန်သည့် အာရှစိမ်းလန်းမှု ဖွံဖြိုးရေး (AGD) ဘဏ်၏ ကြေညာချက်တွင်လည်း ငွေလဲလှယ်ရန် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ အကောက်ခွန်ကြေညာလွှာ ပြရခြင်း၊ အလားတူ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားငွေရရှိရာ ငွေဝင်ရင်းမြစ်ကို တင်ပြရခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက မည်သည့်ကိစ္စများတွင် အသုံးပြုမည်ဟု သက်သေတင်ပြရခြင်းများ မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။
ပုဂ္ဂလိကဘဏ်များ၏ ငွေလဲလှယ်ရေး ကောင်တာများတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၈၂၃ ကျပ်ဈေးဖြင့် လဲလှယ်ပေးနေသည်။
မကြာသေးမီကလည်း ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ကို မြန်မာအစိုးရက စင်ကာပူ၊ မလေးရှားနှင့် ထိုင်းစသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သေးသည်။
အမည်မဖော်လိုသည့် ဘဏ်လုပ်ငန်းရှင်တဦးကမူ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် မြန်မာပုဂ္ဂလိကဘဏ်များအား တရုတ်နိုင်ငံ အပါအဝင် အရှေ့အာရှနိုင်ငံများ၌ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုသည်ဆိုသည်မှာ မှန်ကန်ကြောင်း၊ သို့သော် အနောက်နိုင်ငံများမှ ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု ရှိနေသေးသည့်အတွက် သက်ဆိုင်ရာနိုင်ငံများမှ လုပ်ကိုင်ခွင့် မပြုသေးကြောင်း ပြောသည်။
“ဆန်ရှင်ရှိနေသေးတော့ ဘယ်နိုင်ငံကမှ ခွင့်မပြုသေးဘူး။ အစိုးရနဲ့ အရင်းအနှီးဆုံး တရုတ်နိုင်ငံကတောင် အခုဘဏ်တွေကို စာရင်းဖွင့်ခွင့် မပေးသေးဘူး။ တရုတ်ကိုယ်တိုင်က အမေရိကန်ကို ငွေကြေးသြဇာ လွန်ဆန်လို့မရသေးဘူး” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အကြီးဆုံးဘဏ်တခုဖြစ်သည့် ICBC ဘဏ်ကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခွင့့်ပြုထားသော်လည်း မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များကို ၎င်းတို့နိုင်ငံတွင် ဖွင့်လှစ်ခွင့် ပိတ်ပင်ထားကြောင်း၊ အလားတူ စင်ကာပူ၊ မလေးရှား၊ ထိုင်းစသည့်နိုင်ငံများတွင်လည်း ဘဏ်ဖွင့်လှစ်နိုင်ရန်ထက် သာမန်ငွေလွှဲလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်လုပ်ငန်းရှင်က ဆက်လက်ပြောသည်။
မြန်မာအစိုးရက နိုင်ငံခြားတိုင်းပြည်များတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ပေးအပ်ခဲ့ရာ AGD ဘဏ်က မလေးရှားနှင့် စင်ကာပူ၊ ဧရာဝတီဘဏ်က မလေးရှား၊ ကမ္ဘောဇဘဏ်က ထိုင်း၊ သမဝါယမဘဏ် (CB) က စင်ကာပူ၊ မြန်မာရှေ့ဆောင်ဘဏ်က ထိုင်း နိုင်ငံတို့တွင် ငွေလွှဲဌာနများ ဖွင့်လှစ်ခွင့် ရရှိထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ရှုပ်ထွေးနေသည့် နိုင်ငံခြား ငွေကြေးလဲလှယ်မှုစနစ်ကို ပြုပြင်ရန် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အကူအညီတောင်းခံခဲ့သည်။
မကြာသေးမီက ထုတ်ပြန်သည့် IMF အဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသုံးသပ်ချက် စစ်တမ်းတွင် နိုင်ငံ့စီးပွားရေး တည်ငြိမ်စေရန် ရှုပ်ထွေးနေသည့် နိုင်ငံခြား ငွေကြေးလဲလှယ်မှုစနစ်ကို ဦးစားပေး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင်လည်း မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိမ်းထားရန်အတွက် ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
ထိုသို့ ငွေကြေးဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်ရာတွင် လာမည့် ဧပြီလ ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်မှုနှုန်းကို ယခင် သတ်မှတ်ထားသည့် ၆ ကျပ်အစား ယခု အမှန်တကယ် ပြင်ပပေါက်ဈေးနှင့် နီးစပ်သည့် တဒေါ်လာလျှင် ၈၀၀ ကျပ်နှုန်းသို့ ပြင်ဆင်သတ်မှတ်တော့မည်ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်နေသည်။
သို့သော် မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကမူ ငွေလဲလှယ်နှုန်းကို တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၀ ကျပ်ခန့် သတ်မှတ်စေချင်ကြောင်း၊ သို့မှသာ ပြည်ပပို့ကုန်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပြည်ပလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အကြံပြုသည်။