မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ မကြာမီ အတည်ပြု တော့မည်ဟု သိရသည်။
ထိုဥပဒေကြမ်းအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် နှစ်ရပ်က သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
အဆိုပါ ဥပဒေကြမ်း၌ ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်အတွက် ဧက ၅၀၀၀ မှ ၅ သောင်း အထိ ပေးထားပြီး ဒေသဆိုင်ရာ အာဏာ ပိုင်များ၏ လုပ်ပိုင်ခွင့်အတွက် ဧက ၅၀ သတ်မှတ်ပေးထားကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် မြေလွတ်၊ မြေရိုင်း လျှောက်ထားမည်ဆိုပါက ဧက ၅၀ အထိ လျှောက်ထားနိုင်ကာ ဒေသဆိုင်ရာ အာဏာပိုင်များကိုယ်တိုင် စိစစ် ဆောင်ရွက်ပေးပိုင်ခွင့် ရရှိမည် ဖြစ်သည်။
ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များကမူ ဧက ၅၀၀၀ အထိ ကနဦး လျှောက်ပိုင်ခွင့်ရှိမည်ဖြစ်ပြီး ထိုမြေ များကို သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော် စိုက်ပျိုးနိုင်ပါက ထပ်မံလျှောက်ထားခွင့်ရှိကြောင်း သိရသည်။
“အောက်ခြေလယ်သမားတွေထက် ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ပိုမို အကျိုးရှိစေနိုင်ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ယင်း မြေလွတ်၊ မြေရိုင်းကိစ္စမှာ အပြန်အလှန်ဆွေးနွေး ငြင်းခုံမှုများသည့် ဥပဒေကြမ်းတခု ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မြေလွတ်၊ မြေရိုင်း ဥပဒေကြမ်း ပြဌာန်းအတည်ပြု ပြီးပါက မူလပိုင်ရှင်များဖြစ်သည့် ဒေသခံများ အတွက် အကာအကွယ် ပေးနိုင်မည်ဟု အာဏာပိုင်များက ဆိုသော်လည်း၊ လယ်သမား အရေးလှှုပ်ရှားသူများ၊ လယ်သမားများ ကမူ လယ်သမား အခွင့်အရေး မရှိဟုဆိုကာ ပြီးခဲ့သည့်လ အနည်းငယ်က ကန့်ကွက်ခဲ့ကြသေးသည်။
“ဒေသခံတွေရဲ့လယ်မြေတွေ၊ နွားစားကျက်တွေကို စစ်တပ်နဲ့ အာဏာပိုင်တွေ၊ စီးပွားရေး သမားတွေက သိမ်းယူထားတာတွေ နိုင်ငံလုံးမှာ ရှိတယ်။ ဒီဥပဒေ ပြဌာန်းပြီးရင်တော့ အဲဒီလို စည်းကမ်းမဲ့ သိမ်းယူမှုတော့ နည်းသွားမယ်” ဟု အထက်ပါ ကိုယ်စားလှယ်က ရှင်းပြသည်။
မြန်မာတနိုင်ငံလုံး၌ မြေလွတ်၊ မြေရိုင်း ဧကပေါင်း သိန်း ၃၈ ဒသမ ၉၈ သိန်းကို ကုမ္ပဏီများနှင့်စီးပွားရေး လုပ်ငန်းရှင်များက ရယူထားကြောင်း၊ ၎င်းအနက် ဧက ၉ သိန်းကျော်ကိုသာ အသုံးပြုသေးကြောင်း၊ အသုံးမပြုဘဲ အပိုင်ယူထားသည့် ကိစ္စများ နှင့်ပတ်သက်၍ ကိုယ်စားလှယ် တဦးက မေးမြန်းရာ ဥပဒေ အတည်ပြုပြုပြီးပါက ထိုကိစ္စကို စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လယ်ဆည် ဒု – ဝန်ကြီး ဦးအုန်းသန်းက ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်း ကဏ္ဍ၌ အာဆီယံ ၉ နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ် နိုင်ငံတို့လည်း ပူးပေါင်း လုပ်ကိုင်ရန် နားလည်မှု စာချုပ်များ ချုပ်ဆိုထားသည် ဟု ဒု-ဝန်ကြီးက ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ တွင် ရေးသားထားသည်။
၂၀၁၂ ခုနှစ်အတွက် ပထမအကြိမ် လွှတ်တော် အစည်းအဝေးများကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းရေးအတွက် ရန်ပုံငွေတရပ်ထားရှိရေး အဆို၊ တရားမဝင်ရရှိသည့် ဝင်ငွေနှင့် ပစ္စည်းများ ထိန်းချုပ်သည့် ဥပဒေ
ပြင်ဆင်ရေး၊ ကိုယ်ဝန်ဆောင် ဝန်ထမ်း အမျိုးသမီးများ ခွင့်ရက်ပိုမိုရရှိရေး စသည့်အဆိုများ၊ ဥပဒေများကို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
နိုင်ငံတော်သုံး ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံထည့်သွင်း ရိုက်နှိပ်ရန် ရှိမရှိ အဆိုတခုကို ယမန်နေ့က မေးမြန်းခဲ့ရာ အချိန်အခါနှင့်လျှော်ညီသည့် အကြောင်းအရာများကို ထည့်သွင်းရိုက်နှိပ်လေ့ရှိကြောင်း ဖြေဆိုခဲ့ပြီး နိုင်ငံတော်၏ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် သုံးစွဲမှု ကိစ္စကို ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးကြမည် ဟုသိရသည်။