မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်မည်ဟု သတင်းရရှိသည်။
မစ္စတာ ကင်တာနားသည် မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ၆ ရက်ကြာမည်ဖြစ်ပြီး လွန်ခဲ့သည့် သြဂုတ်လ ခရီးစဉ်အတွင်း ဆောင်ရွက်သည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းသည် နေပြည်တော်ရှိ မြန်မာအစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ၂ ရပ်မှ အမတ်များ၊ မကြာခင်က ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့မှ တာဝန်ရှိသူများ၊ အခြား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ပြောင်းလဲနေတာတွေကို ကျနော်တို့အားလုံး မျက်ဝါးထင်ထင် မြင်နေရပြီ၊ ဒီတခေါက် ခရီးစဉ်ဟာ မြန်မာ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်အခါမှာ သွားရတာမို့ အရေးပါပါတယ်” ဟု မစ္စတာ ကင်တာနား၏ တနင်္လာနေ့ ကြေညာချက်တွင် တွေ့ရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရသည့် ရည်ရွယ်ချက်၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသား ကျန်ရှိသေးသောကိစ္စ စသည်တို့ကို မစ္စတာ ကင်တားနားနှင့် တွေ့ဆုံ သည့်အခါ တင်ပြ ဆွေးနွေးသွားရန် ရှိသည်ဟု ပါတီပြောခွင့်ရသူ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
မစ္စတာ ကင်တာနားသည် ယခုခရီးစဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းလေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ အစီရင်ခံစာကို ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
မစ္စတာ ကင်တာနားသည် ၎င်း၏ ယခင် ခရီးစဉ်အတွင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ဖော်ပြောဆိုခဲ့သော ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ အရေအတွက်သည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ တခြားသော သက်ဆိုင်ရာ အဖွဲ့များ၏ စာရင်းတို့နှင့် ကွာဟနေမှုကိုလည်း ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့၍ ပြန်လည်စစ်ဆေးရန်နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်များသို့ ပြန်လည်ဝင်ရောက်ခွင့်ပေးရန် မြန်မာအစိုးရကို အကြံပြု ခဲ့သည်။
ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသား အမြောက်အမြား မကြာသေးခင်က လွတ်လာခြင်းကို မစ္စတာ ကင်တားနားက ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။
သို့သော် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် တိုက်တွန်းပြောကြားလိုက်ပြီး တိုင်းရင်း သား ပြဿနာများကို ဖြေရှင်းရန် လိုအပ်နေသေးကြောင်း ပြောခဲ့ပြီး လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေချင်ကြောင်း သတိပေးထားသည်။