ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု တွင် စစ်တပ်၏ အသုံးစရိတ်အား ယခင်နှစ်များ ထက်လျှော့ချလိုက်ကြောင်း သိရသည်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခိုင်နှှုန်းကို စစ်တပ်အတွက် သုံးမည်ဖြစ်ပြီး ကျန်းမာရေး အတွက် ၂ ဒသမ ၈၂၂ ရာခိုင်နှှုန်းနှင့် ပညာရေးအတွက် ၄ ဒသမ ၇၃၃ ရာခိုင်နှှုန်း အသုံးပြုသွားမည် ဖြစ်သည်။
“စစ်တပ်အသုံး စရိတ်က အရင်နှစ်ထက် လျော့သွားပါတယ်။ ဒါပေမယ့် တခြားခေါင်းစဉ်တွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ မသိဘူးပေါ့။ ကျန်းမာရေးနဲ့ ပညာရေး နည်းနည်း တိုးလာတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။
ယနေ့ လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးဌာန တခုချင်းစီ၏ ဝင်ငွေနှင့်အသုံး စရိတ်များကို တင်ပြခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ် သန်း ၁ သန်း ၁ သိန်းကျော်၊ စွမ်းအင် ဝန်ကြီးဌာနက ကျပ် သန်း ၁ သန်း ၁ သောင်းကျော်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ် သန်း ၁ သန်းကျော် ဟူ၍ ဘဏ္ဍာငွေ အများဆုံးသုံးစွဲသည့် ဝန်ကြီးဌာန ၃ ခုကို ကြေညာသွားသည်။
ကာကွယ်ရေး အသုံးစရိတ်သည် ယခင်နှစ်များက ၂၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ကျန်းမာရေးနှင့်ပညာရေး အသုံးစရိတ်သည် ၅ ရာခိုင်နှှုန်းကျော်သာ ရှိခဲ့သည်။ ယခင် နဝတ၊ နအဖ စစ်အစိုးရတို့၏ အသုံးစရိတ် တချို့ကိုလည်း ယနေ့အစည်း အဝေး၌ ဘဏ္ဍာရေး ဝန်ကြီးက ရှင်းပြခဲ့သည်။
ဝန်ကြီးဌာန ၃၄ ခု၏ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် လျာထားချက်များအား အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက အဆို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး လာမည့်သီတင်းပတ်တွင် အသေးစိတ် ဆွေးနွေးကြမည်ဟု ဒေါက်တာအေးမောင် က ပြောသည်။