ကချင်ပြည်နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည် ခစန်းတချို့၌ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားနေကြောင်း သိရသည်။
မိုင်ဂျာယန်၊လွယ်ဂျယ်၊ ပါဂျောင်ဒေသ တဝိုက်၊ တရုတ်နယ်စပ် ရွှေလီ ဒေသများရှိ စခန်းများတွင် ဖြစ်ပွားနေကြောင်း၊ အာဟာ ရ မလုံလောက်ခြင်း၊ အနွေးထည်၊ သောက်သုံးရေ မလုံလောက်ခြင်းနှင့် ရာသီဥတု မမျှတခြင်းတို့ကြောင့် ဖြစ်ကြောင်း ကချင် ကူညီ ကယ်ဆယ်ရေး အဖွဲ့များ က ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး စိုးရိမ်ရသည့်အခြေအနေ မရှိသေးကြောင်း ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီ ကယ်ဆယ် ရေး ကော်မတီ မှ ကိုလာရစ် ကလည်း ပြောဆိုသည်။
“ရှမ်းပြည်နယ်နဲ့နီးစပ်တဲ့ စခန်းတွေမှာ အခြေအနေပိုဆိုးနေပါတယ်၊ အစိုးရ စစ်ကြောင်းတွေ ချထားတော့ ကူညီကယ်ရေး အဖွဲ့တွေ သွားလို့ မရဖြစ်နေတော့ ဒုက္ခသည်တွေရဲ့အရေးပေါ်လိုအပ်နေတဲ့ ကိစ္စတွေ ကူညီမပေးနိုင်ကြဘူး ဖြစ်နေတယ်”ဟု ကို လာရစ် က ဆိုသည်။
စစ်ပြေး ဒုက္ခသည်များသည် ရေအနည်းငယ်သာ ရှိသည့်ချောင်းရေကို အသုံးပြုနေကြရကြောင်း၊ ရေတွင်း၊ ရေကန် တူးဖော်ရန် အခက်အခဲများရှိပြီး ရေရှိရာ အရပ်မှ သွယ်တန်းပေးရန်အတွက်လည်း ငွေကြေး အခက်အခဲကြောင့် အကူအညီမပေးနိုင်
ဖြစ် နေကြောင်း သိရသည်။
ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသဘက်၌ တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်နှင့် ဆက်စပ်နေသည့် မန်စီမြို့နယ် တဝိုက်တွင် တိုက်ပွဲငယ်တချို့ဖြစ်ပွားလေ့ရှိသည့်အတွက် အစိုးရ စစ်တပ်၏ စစ်ကြောင်းများ ချထားကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ယူနီဆက် အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် မည်သည့်ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ခြင်း မရှိတော့ကြောင်း၊ လက်ရှိတွင် ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့က ကူညီရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေရကြောင်း ဒုက္ခသည်များ အရေးဆောင်ရွက်ပေးနေသည့် WNP အဖွဲ့၏ ဒါရိုက်တာ ဒေါ်မေလီအောင် က ပြောသည်။
“လတ်တလော သေဆုံးမှုတော့ မရှိသေးပါဘူး၊ ပြီးခဲ့တဲ့ တလကျော်အတွင်းမှာ ကလေး၊ လူကြီး ၅ ဦးလောက် သေဆုံးခဲ့ပါ တယ်၊ လူ ထောင်ချီရှိတဲ့ စခန်းတွေမှာ ရေအိမ်သာက လေး ငါး လုံး ပဲရှိတယ်”ဟု ဒေါ်မေလီအောင် က ဆိုသည်။
တရုတ်နယ်စပ်တဝိုက်ရှိ ဒုက္ခသည် စခန်း ၁၀ ခု ဝန်းကျင်၌ ရောဂါ ဖြစ်ပွားနေပြီး အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရသည်။
“ပူရင်လည်း အလွန်ပူပြီး အေးရင်လည်း အရမ်းအေးတော့ ကလေးနဲ့ လူကြီးတွေက ခံနိုင်ရည် မရှိကြတော့ ဖြစ်တာမြန်တယ်၊ လူကြီးတွေဖြစ်ရတဲ့ အဓိက အချက်ထဲမှာ စိတ်ဖိစီးမှု ဒဏ်တွေကြောင့်လည်း ပါတယ်”ဟု ဒေါ်လီမေအောင်က ပြောသည်။
အစိုးရထိန်းချုပ်ရာဒေသ ဗန်းမော်၊ မြစ်ကြီးနား ဒေသဘက်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်လူမှုရေး အဖွဲ့တချို့ကလည်း စစ်ပြေးဒုက္ခသည်များအား မကြာသေးခင်က သွားရောက်ကူညီပေးခဲ့ကြသေးသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တဝိုက်ရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေး ဒုက္ခသည်ဦးရေ ၃ သောင်းကျော်နှင့် မန်စီ၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မိုင်ဂျာယန် စသည်တို့ တွင်လည်း ဒုက္ခသည်များရှိပြီး စုစုပေါင်း ၅ သောင်းဝန်းကျင် ရှိကြောင်း ဒုက္ခသည် ကူညီ ကယ်ဆယ်ရေး အဖွဲ့များ က ပြောသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် ဇွန်လမှစတင် ဖြစ်ပွားသော KIA နှင့် အစိုးရတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံ အရပ်သားပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။