မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ ပြုလုပ်သည့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရ ပဏာမ သဘောတူညီချက် ၅ ခု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
![IMG_2420](https://burma.irrawaddy.com/wp-content/uploads/2012/02/IMG_2420.jpg)
သဘောတူညီချက်တွင် အပစ်အခတ်ရပ်စဲရန်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန်၊ ဆက်ဆံရေးစခန်းဖွင့်ရန်၊ သတ်မှတ်နေရာများမှအပ တခြားဒေသများသို့ လက်နက်ဖြင့် မသွားရန်၊ နှစ်ဘက်သဘောတူညီထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်တို့ ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် နိုင်စိုးမြင့်က ဧရာဝတီသို့ ပြောသည်။
သို့သော် ယင်းပဏာမ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီဘက်မှ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ပါတီဗဟိုကော်မတီသို့ တင်ပြပြီးမှသာ ဖေဖော်ဝါရီလ တတိယပတ်တွင် အတည်ပြု လက်မှတ်ရေးထိုးမည်ဟု သိရသည်။
ကမ်းနားဟိုတယ်တွင် ကျင်းပသော ယင်းဆေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီဘက်မှ ဒု ဥက္ကဋ္ဌ နိုင်ရောစနှင့် ပါတီခေါင်းဆောင် ၇ ဦး၊ မွန်လူထုခေါင်းဆောင် ၄ ဦးနှင့် သံဃာတော် ၃ ပါးတို့ ဆွေးနွေးပွဲတက်ရောက်သည်။
မွန်ပြည်သစ်ပါတီခေါင်းဆောင်များက ဦးအောင်မင်းကို တိုက်တွန်းတောင်းဆိုချက်အရ အစိုးရအနေဖြင့် မွန်ပြည်နယ်တွင် မွန်ဘာသာဖြင့် သင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် တသက်တကျွန်း ချမှတ်ခံထားရသည့် မွန်နိုင်ငံရေးသမား ၂ ဦးဖြစ်သည့် မင်းနေဝင်း (နိုင်ယက္ခ) နှင့် မင်းမျိုးသွေး တို့ကိုလည်း လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“မွန်ပြည်သစ်ပါတီသာ တရားဝင်ရပ်တည်လာနိုင်ရင် အဲဒီ မွန်နိုင်ငံရေးသမားနှစ်ယောက်ကို လွှတ်ပေးဖို့ရှိတယ်လို့ ဦးအောင်မင်းက ပြောပါတယ်” ဟု နိုင်စိုးမြင့်က ပြောသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ယမန်နေ့ ညစာစားပွဲ၌ အစိုးရအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာ စာသင်ကျောင်းများတွင် မွန်ဘာသာဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်နေသည်ဟု ပြောကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက အစိုးရအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ ၄၅ ရက်အတွင်း မွန်ပြည်သစ်ပါတီနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်၊ ယင်းဆွေးနွေးပွဲတွင် လေ့လာသူများကို တက်ရောက်ခွင့်ပြုရန် ဆွေးနွေးပွဲတွင် တောင်းဆိုကြောင်း သိရှိရသည်။
အစိုးရနှင့် နိုင်ငံရေးဆေးနွေးပွဲ အောင်မြင်လျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် ပဋိပက္ခများ ဖြေရှင်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အစိုးရထံတောင်းဆိုမည်ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများက ဆိုသည်။
ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၁၉၉၅ ခုနှစ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် မတူကြောင်း၊ ထိုစဉ်က ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အပစ်ရပ်ရေးကိုသာ ပြောဆိုခွင့် ရခဲ့ပြီး၊ နိုင်ငံရေးအရ ဆွေးနွေးခွင့်ရရန် ပြောခွင့်မသာခဲ့ကြောင်း နိုင်စိုးမြင့်က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဒေသတွင် စီးပွားရေးဇုန် ထူထောင်ရန် ဦးအောင်မင်းက တိုက်တွန်းကြောင်းလည်း သိရသည်။
မွန်ပြည်သစ်ပါတီသည် ဦးအောင်မင်းဦးဆောင်သော အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယမန်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ စံခရဘူရီမြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
မွန်ပြည်သစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မထောက်ခံကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်လျှင် လွှတ်တော်တွင်း၌ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။