မြန်မာ စာနယ်ဇင်းသမားများ အကြား လွတ်လပ်သော အဖွဲ့အစည်းတခုရှိသင့်ပြီ ဖြစ်ကြောင်း မြန်မာ စာနယ်ဇင်းသမားများက စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသည်ဟုသတင်းရရှိသည်။
“လွတ်လပ်တဲ့ အဖွဲ့အစည်း ရှိရမယ်ဆိုတာကို တော်တော်များများက သဘောပေါက်ကြတယ်။ အဖွဲ့အစည်းတွေ များချင်များမယ်၊ပြီးမှ စုပေါင်းပြီး စာနယ်ဇင်းကောင်စီလိုမျိုး ဆောင်ရွက်သင့်တာ” ဟု ပြည်သူ့ခေတ် ဂျာနယ်အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်က ဆိုသည်။
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်တွင် စာနယ်ဇင်းဆိုင်ရာ အသင်းအဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိခဲ့ပြီး သတင်း လွတ်လပ်ခွင့် များစွာရှိခဲ့ကြောင်း၊ အစိုးရအသိအမှတ်ပြု အဖွဲ့အစည်းများဖြစ်ပြီး စာနယ်ဇင်းလောက၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးခဲ့ကြောင်း၊ ယခု ဒီမိုကရေစီအစိုးရ လက်ထက်တွင်လည်း အလားတူ အဖွဲ့အစည်းများ ဖွဲ့စည်းသင့်ကြောင်း သူက ပြောသည်။
ယခင်က မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (BJA)၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(BPC)၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်း (BRA)၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း (BWA) စသည်ဖြင့် ရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးသည့်နောက် ယင်းအဖွဲ့အစည်းများ အားလုံး ဖျက်သိမ်းခြင်းခံခဲ့ရသည်။
မကြာသေးခင်က ကျင်းပခဲ့သည့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီး ဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မူဝါဒတချို့ကို တက်ရောက် လာသည့် စာနယ်ဇင်းသမား များအား ချပြခဲ့ကြောင်း သိရသည်။
သို့သော် ယင်း မီဒီယာဥပဒေကြမ်းပါ အချက်တချို့အရ စာနယ်ဇင်းသမားများအား အကာအကွယ်ပေးမှု အပိုင်းတွင် အားနည်း နေပြီး အပြစ်ပေး အရေးယူမည့် ဥပဒေများကိုသာ ဇောင်းပေးဖော်ပြထားကြောင်း၊ အဆိုပါ အကြောင်းအရာများကိုသာ တက်ရောက် လာသည့် စာနယ်ဇင်းသမားများက ဆွေးနွေးကြကြောင်း စာရေးဆရာ ဖေမြင့်က ပြောသည်။
“ဒီ ဥပဒေ ပြဌာန်းမယ်ဆိုရင်တော့ စိုးရိမ်ဖို့ ကောင်းတယ်။ အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက နည်းနည်းပါးပါး ထိခိုက်တာနဲ့ ထထပြီး တရားစွဲတဲ့ ပုံစံမျိုးဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြပြီးနောက် လွှတ်တော် သို့ တင်ပြဆွေးနွေးမည်ဖြစ်ပြီး အတည်ပြုပြီးပါက လက်ရှိကျင့်သုံးနေသည့် စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း ဦးတင့်ဆွေက အလုပ်ရုံဆွေးနွေးပွဲတွင် ရှင်းပြခဲ့သည်။
ဇန်နဝါရိ ၃၁ ရက်နေ့က ပြီးဆုံးခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းမီဒီယာတချို့အပြင် အမေရိကန် အခြေစိုက် VOA၊ အင်္ဂလန်နိုင်ငံ အခြေစိုက် BBC နှင့် မဇ္ဈိမ စသည့် ပြည်ပအခြေစိုက် မြန်မာ မီဒီယာများ၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှ စာနယ်ဇင်း သမားများကိုပါ ဖိတ်ခေါ် ဆွေးနွေးခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ပေါ်ပြူလာဂျာနယ်မှ စာရေးဆရာ ဟိန်းလတ်က “မြန်မာ မီဒီယာလောက တိုးတက်ဖို့ဆိုရင် တကယ်ပဲ မီဒီယာလွတ်လပ်ခွင့် ရှိတဲ့ နိုင်ငံတွေကို လေ့လာသင့်တယ်။ ဗီယက်နမ်တို့၊ မလေးရှားတို့ဆိုတာ မီဒီယာ လွတ်လပ်ခွင့် တကယ် ရှိတာမဟုတ်ဘူး” ဟု ထောက်ပြဝေဖန်သည်။
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဝါရင့်သတင်းစာဆရာ မောင်ဝံသကမူ မြန်မာပြည်တွင် ပါလီမန် ဒီမိုကရေစီခေတ်က ရခဲ့သည့် စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းမျိုး ပြန်လည် ရရှိသင့်သည်ဟု ယူဆကြောင်း၊ ယနေ့အချိန်တွင် ခေတ် အလျှောက် သတင်းလွတ်လပ်ခွင့်များ ရသင့်ပြီဖြစ်ကြောင်း၊ အီလက်ထရွန်နစ် အက်ဥပဒေကဲ့သို့ မရှိသင့်သည့် ဥပဒေ များကို လည်း ဖျက်သိမ်းသင့်ကြောင်း သုံးသပ်ပြောဆိုသည်။
မီဒီယာဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်သို့ တင်သွင်းကာ အတည်ပြုမည်ဖြစ်ကြောင်း၊ ယင်းမီဒီယာ ဥပဒေသည် ပုံနှိပ်မီဒီယာ တခုတည်း အတွက်သာဖြစ်ပြီး ရုပ်သံမီဒီယာ၊ အွန်လိုင်းမီဒီယာတို့အတွက် မပါရှိသေးကြောင်း ဦးတင့်ဆွေက အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်း အလုပ်ရုံဆွေးနွေးပွဲ၌ မီဒီယာ ဥပဒေထက် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး၊ သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ရေး အစရှိသည်တို့ကို အသားပေးဆွေးနွေးခဲ့သည်ဟု စာရေးဆရာ ဖေမြင့်က ပြောသည်။