နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန) က နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော် ၃ ပါးကို ရဟန်း ပြန်လည် ဝတ်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က ရဟန်း ပြန်လည်ဝတ်ခွင့် လျှောက်ထားခဲ့သော မဂ္ဂင်ဆရာတော် ဦးဣိန္ဒက၊ ဦးပဏ္ဍဝံသ ခေါ် ဦးပဉ္ဇင်း ဦးပြည်ကျော်နှင့် ဦးပညာသီဟ (မဟာဗောဓိကျောင်း) တို့ ၃ ပါးကို ယမန်နေ့က ခွင့်ပြုလိုက်ပြီး ခရီးလွန်နေသည့် ဦးဂမ္ဘီရ၊ ဦးဣဿရိယ ခေါ် ဦးပဉ္ဇင်း ဂျောင်းဂျောင်းနှင့် ဦးဝိသုဒ္ဒတို့မှာမူ ရဟန်း ပြန်လည်ဝတ်ခွင့် လျှောက်လွှာများ မတင်ရသေးကြောင်း သိရသည်။

“ဦးပဉ္ဇင်းတို့က မတရား အဖမ်းခံထားရတာ။ မဟနက ဆင့်ခေါ်တာကို အခု ၃ ရက်နေ့ နောက်ပိုင်းမှ သွားနိုင်မယ်။ အဲဒီကျရင်တော့ လျှောက်ထားစရာတွေက အများကြီးပဲ။ ဓမ္မဝိနယနဲ့ အညီ ဆုံးမတာမှန်သမျှ အလေးအနက် လိုက်နာ မှာပဲ” ဟု မန္တလေးသို့ ခတ္တရောက်နေသော ဦးဂမ္ဘီရက ဧရာဝတီကို မိန့်သည်။
ရဟန်း တပါးအနေဖြင့် မဟန ဆရာတော်ကြီးများက ဝိနည်းတော်နှင့်အညီ ဆုံးမမှုကို လက်ခံမည်ဖြစ်ကြောင်း၊ သတင်း သုံးရန် ကျောင်းအတွက်လည်း ရဟန်းတပါးအနေဖြင့် မည်သည့်နေရာတွင်မဆို သတင်းသုံးနိုင်သည်ကို ဝိနည်းတော် က ဆိုထားကြောင်း ဦဂမ္ဘီရက ဆိုသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ပိတ်ထားသည့် မဂ္ဂင်ကျောင်း၊ သာသနာ့ သိပ္ပံကျောင်း၊ သာသနာ့ ဂုဏ်ရည် (ခြောက်ထပ်ကြီးတိုက်) အစရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည် ဖွင့်ခွင့်ရရေးအတွက်လည်း သက်ဆိုင်ရာ ရဟန်းတော်များက လျှောက်ထားပြီးဖြစ်ကြောင်းကြောင်း သိရသည်။
“ရဟန်း ပြန်ဝတ်ခွင့်ရပြီးလို့ ကိုယ့်ကျောင်းတိုက် ပြန်ဖွင့်ပြီး သတင်းသုံးနိုင်ဖို့ ထပ်ပြီး လျှောက်လွှာတင်လိုက်တယ်။ အခု ကျောင်းတိုက်တွေ ပြန်ဖွင့်ရေးကို စောင့်ကြည့်နေတယ်” ဟု ယမန်နေ့က ရဟန်းပြန်လည် ဝတ်ခွင့် ရခဲ့သည့် ဦးပဏ္ဍဝံသက မိန့်သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှုအပြီးတွင် ယခင် နအဖအစိုးရ အာဏာပိုင်များက မဂ္ဂင် ကျောင်းတိုက် အပါအဝင် တခြား ကျောင်းတိုက် တချို့ကို ချိတ်ပိတ်ခဲ့ပြီး ဦးဂမ္ဘီယ အပါအဝင် သံဃာများကို ဖမ်းဆီးခဲ့သည်။
မဟန၏ ညွန်ကြားလွှာ ၁၅ အရ အကျဉ်းထောင်ထဲမှ ပြန်လွတ်မြောက်လာသည့် သာသနာ့ဝန်ထမ်း သံဃာများ အနေဖြင့် ရဟန်းဘ၀ ပြန်လည် ဝတ်ခွင့်ရရှိရန် ထောင်လွှတ်ဝရမ်း မိတ္တူနှင့်တကွ လျှောက်လွှာတင်ရမည်ဟု ဆိုသည်။ ရဟန်း ဝတ်ခွင့်ပြုပြီးနောက် ကျောင်းတိုက်ပြန်ဖွင့်ကာ ပြန်လည် သတင်းသုံးခွင့်ကို လျှောက်ထားရမည်ဟုလည်း သိရသည်။
ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟောင်း ရဟန်းတော်တချို့ကို ရဟန်းပြန်လည် ဝတ်ခွင့်ပြုလိုက်သော်လည်း လာမည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ မကွေးကျောင်းတိုက် ပေါက်စေတီတွင် ကျင်းပမည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း ရဟန်းတော်များ၏ သိက္ခာထပ်ပွဲကို မဟနက ခွင့်မပြုသဖြင့် အစီအစဉ် ဖျက်သိမ်း လိုက်ကြောင်း ဦးဆောင်သူများက ဆိုသည်။
“ဒီကိစ္စမှာ မဟနက သိက္ခာထပ်ပွဲကို တားမြစ်တဲ့ပုံစံတော့ မဟုတ်ဘူး။ အဲဒီဘုန်းကြီးကျောင်းဝန်းမှာ တခြားပွဲတွေ လုပ်မှာကို မလိုလားလို့ တားမြစ်တဲ့ပုံစံလို့ နားလည်တယ်။ ဒါပေမယ့် ဒီလို ပိတ်ပင်မှုမျိုးဟာ မဖြစ်သင့်ဘူး” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ရဟန်းတော်များ သိက္ခာထပ်ပွဲ ဖြစ်မြောက်ရေး ကူညီပေးနေသူ တဦးဖြစ်သည့် ရန်ကုန်မြို့နေ ဦးမင်းဟန်က ပြောသည်။