မြန်မာအစိုးရ၌ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ ဒဿမ ၂၉၈) ပေးရန်ရှိကြောင်း နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဦးနေဝင်း အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှ ၁၉၈၈-၂၀၁၀ ယခင် နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်အထိ ပြည်ပနိုင်ငံ အသီးသီးမှ ချေးယူအသုံးပြုခဲ့သည့် ပြည်ပကြွေးမြီများစာရင်းကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေး ဝန်ကြီး ဦးလှထွန်းက ထုတ်ဖော် ကြေညာခဲ့သည်။
၁၉၈၈ ခုနှစ်မတိုင်မီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော် ( ၈၄၀၈ ဒဿမ ၃၄ ) ရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင်ကျော်အထိ အများဆုံးပေးဆပ်ရမည်ဟု ဆိုသည်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဒေါ်လာ သန်းပေါင်း ၂ ထောင်ကျော် (၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း ၂၁၀၀ ကျော်ပေးဆပ်ရမည်ဟု သိရသည်။
ထိုကြွေးမြီများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဥပဒေဘောင်အတွင်းမှ သတ်မှတ်ထားသည့် နည်းလမ်းအရ ဆွေးနွေးသွားရန် ရှိကြောင်း၊ ကြိုတင်ပြောဆို၍ မရသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီကသို့ ပြောသည်။
“ဝန်ကြီးဌာန တချို့က ဒီနေ့စတင်နေပြီ။ အသေးစိတ်ကို နောက်တပတ်မှာ စတင်ဆွေးနွေးကြမှာပါ။ ဒီကြွေးမြီကို အခုမှ ထုတ်ပြန်ရတာက အခုမှစပြီးတော့ ရသုံးမှန်းခြေ ငွေစာရင်းတင်လို့ ဖြစ်ပါတယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။
ရငွေ၊ သုံးငွေများနှင့် ပတ်သက်၍ ပြည်ထောင်စု ဥပဒေကြမ်း၌ အသေးစိတ် ဖော်ပြရတော့မည်ဖြစ်၍ ထုတ်ပြန်ခြင်းဟု သိရသည်။
ဂျပန်နှင့် တရုတ် အပြင် အေဒီဘီ၊ အိုင်ဒီအေ၊ ဒိန်းမတ်၊ ဂျာမနီ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ နယ်သာလန်၊ အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ အင်္ဂလန် စသည့်နိုင်ငံများ နှင့် အာရှဒေသတွင်း နိုင်ငံများမှ ငွေချေးယူထားခဲ့ကြောင်း လွှတ်တော်၌ ဦးလှထွန်းက ရှင်းပြခဲ့သည်။
အကြွေးတင်ရှိနေခြင်းသည် ထိုနိုင်ငံများနှင့် အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ချေးငွေနှင့် အကူအညီပေးမှုများ ရပ်ဆိုင်းထားခြင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်းတို့ကြောင့်ဟု ဝန်ကြီးက ရှင်းပြကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောသည်။
တော်လှန်ရေးကောင်စီ အစိုးရ၊ နဝတ၊ နအဖ အစိုးရ တို့သည် နိုင်ငံတော် ဘဏ္ဍာရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ကိစ္စအားလုံးကို လျှို့ဝှက် မှတ်တမ်း အနေဖြင့်သာ သဘောထားကြောင်း သိရသည်။
“ဘယ်လောက်တောင် လျှို့ဝှက်လဲ ဆိုရင်ဗျာ အခွန်နှှုန်းထားတွေ ပြောင်းတာကို အခွန်ဌာနက လူတွေမသိရဘူး။ ဒီလောက်များတဲ့ အကြွေးတွေကို ဘယ်မှာ ဘယ်လိုသုံးခဲ့တယ် ဆိုတာလဲ မသိရဘူး” ဟု နဝတအစိုးရ လက်ထက် ဘဏ္ဍာ အခွန်ဌာန၌ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အခွန်ဆိုင်ရာ ဆောင်းပါများရေးသားနေသူ ဦးဟန်ထွန်း (ဘဏ္ဍာအခွန်) က ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရ အဆက်ဆက်သည် ပြည်တွင်းထွက် သစ်၊ သဘာ၀ ဓာတ်ငွေ့၊ ရေနံ စသည့် ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ ရောင်းချခဲ့ကြရာ ဝင်ငွေမည်မျှရ ရှိပြီး၊ မည်သည့်နေရာ၌ သုံးစွဲကြောင်း တရားဝင်ထုတ်ပြန်မှု လုံး၀ မရှိခဲ့ဟု သိရသည်။
ထိုသဘာ၀ သယံဇာတများ ရောင်းချရာမှ ကျပ်ဘီလီယံနှင့်ချီကာ ရရှိသည်ကို လူအများက သိရှိထားပြီး ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများထံမှ ငွေချေးလျှင်လည်း သဘောတူစာချုပ် ချုပ်ဆိုခြင်းကိုသာ ဖော်ပြ ၍ မည်မျှချေးယူပြီး၊ မည်ကဲ့သို့ သုံးစွဲကြောင်း ထုတ်ပြန်လေ့မရှိဟု ဦးဟန်ထွန်းက ထောက်ပြသည်။
ပြည်ပမှ ချေးငွေများကို စီမံကိန်းတချို့ အကောင်အထည်ဖော်ရာ၌ အသုံးပြုခဲ့သည်ဟုသာ သိရပြီး မည်သည့်စီမံကိန်း ဆိုသည်ကိုမူ အစိုးရက တရားဝင် ထုတ်ဖော် ပြောဆိုမှု မရှိပေ။
နဝတ၊ နအဖ စစ်အစိုးရ လက်ထက်တွင် တည်ဆောက်ခဲ့သော မြစ်ရေတင်စီမံကိန်း ၆၇ ခုကို အမေရိကန်ဒေါ်လာ ၂၀ ဒဿမ ၆၄ သန်း အကုန် အကျခံတည်ဆောက်ထားပြီး ၁၆ ရာခိုင်နှှုန်းသာ အကောင်အထည်ဖော်နိုင်သေးကြောင်း သိရသည်။
ထိုစီမံကိန်းများတွင် ပါဝင်သည့် ရေလွှဲဆည် ၆၄ ခုသည် ၄ နှစ်မှ ၁၀ နှစ် အထိ ကြာသည့်တိုင် စိုက်ပျိုးရေ လုံး၀ မပေးနိုင်သေး၍ ရေလှောင်တမံ၊ ရေလွှဲဆည်များ အသစ်တည်ဆောက်ခြင်းကို ရပ်တန့်ထားရန် ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ယမန်နေ့က တင်ပြခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်ပမှ ချေးငွေများကို အားကိုး၊ အားထားပြု၍ စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နေရခြင်းတို့ကြောင့် လာမည့် ဘဏ္ဍာရေး နှစ်များတွင် ပြည်သူ့ အကျိုးမပြုသည့် လုပ်ငန်းများ လျှော့ချရန် တင်ပြဆွေးနွေးသွားမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
“အကျိုးဖြစ်မှုနည်းတဲ့ စီမံကိန်းမျိုး ထပ်မံ မပေါ်ပေါက်အောင် ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးကြရမှာပါ။ လုပ်နေတဲ့ ကဏ္ဍတချို့လည်း အရည်အသွေးရှိဖို့၊ ဒီနေ့လုပ်ပြီး မနေ့ဖြန် ပျက်စီးသွားတာတွေ တွေ့နေရတယ်လေ” ဟု ၎င်းက ဆိုသည်။
ယနေ့ကာလသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေခြင်းဖြစ်၍ ပြည်သူ့ အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့ ဘဏ္ဍာငွေဖြစ်သည့် ရငွေများကို တိကျမှန်ကန်စွာ ရရှိရေးနှင့် အကျိုးရှိစွာခွဲဝေသုံးစွဲရေးတို့သည် ပြည်သူ့ဆန္ဒနှင့်ညီညွတ်ရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောဆိုခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ အစိုးရ သတင်းစာများ၌ ရေးသားထားသည်။