နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်သံစာများ လိုက်လံကပ်ခဲ့သည့် အတွက် အဖမ်းဆီးခံရသည့် လူငယ် နှစ်ဦးကို ပြည်မြို့နယ် တရားရုံးမှ ငွေဒဏ်စီရင်ချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည် အဝေးသင် တက္ကသိုလ်ကျောင်းသား ကိုဇာနည်ထွန်း၊ ကိုဝေဖြိုးုတို့သည် ပြီးခဲ့သည်နှစ် သြဂုတ်လက ပြည်မြို့မဈေးကြီး၊ ရွှေ ဘုန်းပွင့်ဘုရားနှင့် နည်းပညာတက္ကသိုလ်တို့တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာများကို ကပ်ခဲ့သည့်အတွက် ပုံနိုပ် အက်ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
ကိုဇာနည်ထွန်းနှင့် ကိုဝေဖြိုးတို့ကပ်ခဲ့သော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာများမှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) က ရိုက်နှိပ်ထုတ်ဝေခြင်း ဖြစ်ပြီး ယင်း လူငယ်နှစ်ဦးမှာ GW အဖွဲ့နှင့် ဆက်သွယ် လုပ်ဆောင်နေခဲ့ကြ သူများ ဖြစ်ကြောင်း သိရသည်။
ကိုဇာနည်ထွန်းက “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသင့်တယ် ထင်လို့ ပိုစတာ ကပ်ရတာပါ” ဟု ဆိုသည်။
ဖမ်းဆီး စစ်ဆေးစဉ်အတွင်း အာဏာပိုင်များက ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးခြင်း မရှိသော်လည်း၊ ညလုံးပေါက် အစား အစာနှင့်ရေ မပေးခဲ့ဘဲ နှစ်ရက်ခန့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ပုံနိုပ်အက်ဥပဒေ ပုဒ်မတခုလျှင် ဒဏ်ငွေ ကျပ် ၃ သောင်းပေးဆောင်ရန်၊ မပေးဆောင်ပါက ထောင်ဒဏ် ၃ လ ကျခံရန် ပြည်မြို့နယ် တရားသူကြီး ဦးမြင့်ဆွေက အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။
“ဒီစီရင်ချက်က မျှတပါတယ်။ တကယ်စစ်မှန်တဲ့ တရားဥပဒေနဲ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ” ဟု ကိုဇာနည်ထွန်းက ဆက်ပြော သည်။
အစိုးရသစ်သည် သက်တမ်း ၉ လအတွင်း နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။
ယမန်နေ့ကလည်း ထောင်တွင်းသို့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နှင့် သော့ချိတ်များ သွင်းယူမှုဖြင့် တရားစွဲခံရသည့် ဗိုလ်ကြီး ဟောင်း နေမျိုးဇင်ကို အမှုမှ တရားသေ လွှတ်ပေးခဲ့သည်။