သတင်း

စစ်တပ်နှင့်ရဲ မြေသိမ်းမည့်အစီအစဉ် သမ္မတထံ တိုင်ကြား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ရွာ ၄ ရွာမှ တောင်သူ ၁၅၀ ကျော်၏ ခြံမြေ ဧက ၇၀၀ ကျော်အား ရဲ သင်တန်းကျောင်း ဆောက်ရန်နှင့် တပ်မြေအဖြစ် သိမ်းယူရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက သမ္မတ ဦးသိန်းစိန် ထံသို့ ဇန်နဝါရီလ ၃၀ ရက် က စာရေးသားပေးပို့ တိုင်ကြားလိုက်သည်။

တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ မှ နေရာတနေရာ (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီမှ လက်ခံရရှိထားသည့် တောင်သူများ၏ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သောစာတွင် မိမိတို့ အသက်သွေးကြောသဖွယ် အရေးပါသော တောင်ယာခြံမြေများ မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်သမ္မတကြီးမှ ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် မေတ္တာရပ်ခံထားသည်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီး ကျေးရွာအုပ်စု ပင်ငိုကျေးရွာမှ တောင်ယာဧက ၆၁၀ အား တပ်မြေအဖြစ် သိမ်း ယူရန် ကျောက်တိုင်များ စိုက်ထူထားပြီး နောင်လေ ကျေးရွာအုပ်စု အတွင်းရှိ ထီဝေါ၊ ကန်လောင်း၊ ထီတယမ် ကျေးရွာ တို့မှ ဧက ၁၇၀ ကျော်အား ရဲသင်တန်းကျောင်း ဆောက်လုပ်ရန် အလံနီများ စိုက်ထားသည်။

“ပင်ငိုရွာနဲ့ အလံနီစိုက်ခံရတဲ့ ရွာသုံးရွာက တောင်သူ ၁၅၀ ကျော်က လက်မှတ်ထိုးပြီး ဒီတောင်ယာ ခြံမြေတွေ မသိမ်းဖို့ သမ္မတဆီ စာတင်တာပါ”ဟု ကူညီဆောင်ရွက်ပေးနေသူ တောင်ကြီးမြို့ခံ ခွန်ခမ်းကောင်က ဧရာဝတီကို ပြောသည်။

သမ္မတ ဦးသိန်းစိန်ထံ စာပို့ကြသူများမှာ ပင်ငိုကျေးရွာမှ တောင်သူ ၁၀၇ ဦးနှင့် နောင်လေကျေးရွာ အုပ်စုအတွင်းရှိ ထီဝေါ၊ ကန်လောင်း၊ ထီတယမ် ကျေးရွာတို့မှ တောင်သူ ၄၄ ဦးတို့ဖြစ်ပြီး ယင်းဒေသတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၏ အကူအညီဖြင့် နေပြည်တော် သမ္မတ ရုံး သို့ ပေးပို့ခြင်း ဖြစ်သည်။

“တပ်မြေ”ဟု ရေးထိုးထားသော ကျောက်တိုင်များကို ပင်ငိုကျေးရွာအနီးရှိ ကြက်သွန်ဖြူ၊ ပဲစင်းငုံ၊ ဂျုံ၊ စတော်ဘယ်ရီ စသည့် သီးနှံများ စိုက်ပျိုးထားသော တောင်ယာခင်းများတွင် ဇန်နဝါရီလ ၆ ရက်နေ့က စိုက်ထူခဲ့ခြင်းဖြစ်သည်။

“မြေကို တပ်မြေလို့သာ ကျောက်တိုင်စိုက်ထားတယ်။ ဘယ်တပ်က လုပ်တယ်ဆိုတာ မသိရဘူး။ ရွာသားတယောက် ပြန်ပြောပြချက် အရဆိုရင် ခြံစိုက်ဖို့သွားတဲ့အချိန်မှာ ကျောက်တိုင်က စိုက်ပြီးသား ဖြစ်နေတယ်။ ဘယ်သူ့ကိုမှလည်း အသိမပေးဘူး”ဟု ခွန် ခမ်းကောင်က ပြောသည်။

ထီဝေါ၊ ကန်လောင်းနှင့် ထီတယမ် ကျေးရွာအနီးရှိ တောင်ယာခြံမြေများအား နေပြည်တော်မှ ရဲအရာရှိများ လာရောက်ကြည့်ရှုပြီး အမှတ်၂၅ ရဲ သင်တန်းကျောင်း ဆောက်လုပ်ရန်ဟု ဆိုကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က စတင်ကာ အလံနီများ စိုက်ထူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်များက ကျောက်တိုင်များ၊ အလံနီများ စိုက်ထူသည့်နေ့မှ ယနေ့အထိ သိမ်းဆည်းမည့် တောင်ယာ ခြံမြေများနှင့် ပတ်သက်၍ ဒေသခံ တောင်သူများကို တွေ့ဆုံ ဆွေးနွေးခြင်း၊ အသိပေးခြင်း မရှိကြောင်း သိရသည်။

နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူရန် ကျောက်တိုင်နှင့် အလံနီတို့ စိုက်ထားသဖြင့် ဒေသခံတောင်သူများမှာ မိမိတို့ ခြံမြေများ ဆုံးရှုံးမည့် အရေးကို စိုးရိမ် ပူပန်နေကြသည်။

“အလံ လာစိုက်ပြီး တလလောက်ဆို မြေသိမ်းတော့တာပဲ။ အခုက တပ်မြေဆိုပြီး ကျောက်တိုင်နဲ့ အတည်တကျ လာစိုက်ထား တယ် ဆိုတော့ အကုန်လုံး လန့်သွားတာပေါ့။ ငါတို့လယ်တွေကိုလည်း တပ်မြေအဖြစ် သိမ်းဦးမှာပဲ ဆိုပြီး တောင်သူတွေက စိုးရိမ် နေတယ်”ဟု ခွန် ခမ်းကောင်က ပြောသည်။

၎င်းက ဆက်လက်၍“တကယ်လို့သာ အဲဒီလယ်မြေတွေကို လုပ်ခွင့်မရှိတော့ဘူး သိမ်းသွားတယ်ဆိုရင် အားလုံးကတော့ ငတ်ဖို့ပဲ ရှိတယ်။ တချို့ကလည်း တခြားနယ်ကိုသွားပြီး ဘိန်းစိုက်မယ် လို့ ပြောနေကြတယ်”ဟုလည်း ပြောဆိုသည်။

တောင်ကြီးမြို့ခံ တဦးကလည်း“အရင်တုန်းကလည်း တောင်ယာခြံမြေတွေ သိမ်းတာ ရှိတယ်။ အခုဟာတွေက အသစ်ထပ် သိမ်း တာတွေပေါ့။ ပင်းပက် စက်ရုံ ဆောက်တုန်းကလည်း အဲဒီ ပင်ငိုရွာက တောင်ယာတွေ ခြံမြေတွေ အသိမ်းခံခဲ့ရတာပဲ”ဟု ပြော သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ အစောပိုင်းက ပင်းပက် သံမဏိစက်ရုံ အတွက် ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းငယ်ပေါင်း၂၀ နှင့် လူနေအိမ် ၄ လုံး ရွှေ့ပြောင်းပေးခဲ့ရသော်လည်း နစ်နာကြေး တစုံတရာ မရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading