တရားဝင် နိုင်ငံခြားငွေလဲ ကောင်တာများတွင်လဲလှယ် သည့် ဈေးနှုန်းထက် ပြင်ပငွေလဲနှုန်းက လျော့ကျနေသော ကြောင့် အဆိုပါကောင်တာ အများစုတွင် ဒေါ်လာဝယ်ယူမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။
သိမ်ဖြူ နိုင်ငံခြားငွေလဲ ကောင်တာများတွင် အမေရိကန်တဒေါ်လာ ၈၁၈ ကျပ် ဈေးဖွင့်ထားသော်လည်း ပြင်ပ ငွေလဲဈေးကွက် တွင်မူ အမေရိကန်တဒေါ်လာ ၈၁၂ ကျပ်ခန့်သာ ဈေးရှိသည်။
“အပြင်မှာ တဒေါ်လာ ၈၁၂ ကျပ်နဲ့ဝယ်ပြီးတော့ သိမ်ဖြူမှာ ၈၁၈ နဲ့ သွားရောင်ရင်တောင် တဒေါ်လာ ၆ ကျပ်မြတ်တယ်။ ပြင်ပဈေးနဲ့ သိမ်ဖြူငွေလဲနှုန်း ကွာနေတာကြောင့် နိုင်ငံခြားငွေလဲ ကောင်တာတွေက ဒေါ်လာသိပ်မဝယ်ဘူး။ဈေးနှုန်း တူသွားရင်တော့ အဆင်ပြေသွားမယ်” ဟု ပုဂ္ဂလိကဘဏ် အရာရှိတဦးက ပြောသည်။
အစိုးရက ပုဂ္ဂလိကဘဏ် နိုင်ငံခြားငွေလဲ ကောင်တာများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ အမေရိကန်ဒေါ်လာ ၁ သောင်းအထိ စာရွက်စာတမ်း မလိုဘဲ လဲလှယ်ရောင်းဝယ်ခွင့် ပြုသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသော်လည်း အဆိုပါ ကောင်တာ အများစုက ပြင်ပမှ အမေရိကန်ဒေါ်လာများ ဝယ်ယူရန် ငြင်းဆန်ကြသည်ဟု သိရသည်။
ပြင်ပ ငွေလဲဈေးကွက်နှင့် ဈေးနှုန်းကွာဟမှုကြောင့် ပုဂ္ဂလိဘဏ်များမှာ အရှုံးပေါ် နေသဖြင့် ဒေါ်လာ ရောင်းချမှုများကို ကန့်သတ် လက်ခံခြင်းဖြစ်ကြောင်း မြဝတီဘဏ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလဲကောင်တာမှ တာဝန်ခံ အမျိုးသမီး တဦးက ပြောသည်။
“ကျမတို့ဘဏ်က ဒေါ်လာ ဝယ်ထားတာ တအားများနေပြီ။ အဲဒါကြောင့် အခု ဒေါ်လာရောင်းချင်ရင် တဦးကို ဒေါ်လာ ၃၀၀ ပဲ လက်ခံပါတယ်။ ဒေါ်လာ ပြန်ဝယ်မယ်ဆိုရင်တော့ ပမာဏမကန့်သတ်ဘူး။ ငွေဈေးမငြိမ်ဘဲ အတက်အကျ များလွန်းတော့ ဘဏ်တွေက ဒေါ်လာ အရမ်းမဝယ်ရဲဘူး” ဟု သူက ဆိုသည်။
အစိုးရအနေဖြင့် ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် ပြုပြင်သင့်သော အခြေအနေများ၊ ဥပဒေများ စည်မျဉ်း စည်းကမ်းများကို ရဲတင်းစွာပြုပြင်ပြီး အချိန်တိုအတွင်း ပြောင်းလဲမှုပြုရန် အရေးကြီးသည်ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက ပြောသည်။
“ဒေါ်လာကို ဘယ်ဈေးရောက်မှ ဆိုပြီး ဆွဲတင်ဖို့ လုပ်တာတွေ ရပ်ပါ။ ဒေါ်လာနဲ့ကျပ်ငွေ လဲနှုန်းထားက ဈေးကွက်ရဲ့ သဘောတရား အတိုင်းပဲ တက်ခွင့်ပေးလိုက်၊ ကျခွင့်ပေးလိုက်ပါ။ ပြီးတော့ အဲဒီအပေါ်မှာပဲ စီးပွားရေးကို ရှင်သန်နိုင်အောင် လုပ်ရမယ်။ ဘောလုံးသမား မှန်ရင် မြက်ခင်းမှာ ဘောလုံး ကန်တတ်ရမှာ ဖြစ်သလို၊ ရွှံ့ထဲမှာလည်း ကန်တက်ရမယ်” ဟု သူက ဆိုသည်။
ဒေါ်လာကို ဈေးပြန်တက်စေရန် လုပ်ဆောင်မှသာ ပို့ကုန်များစွာ ပို့နိုင်မည် ဆိုသည့် အယူအဆမှာ ရေတိုဖြေရှင်းနည်းသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အစိုးရ လုပ်ရမှာက ဖျက်သင့်တဲ့ဥပဒေ ဖျက်၊ ပြင်သင်တဲ့ဥပဒေ ပြင်၊ ပြဋ္ဌာန်းသင့်တာကို ပြဋ္ဌာန်းပါ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် ကြိုပြင်ပါ။ ဒါ လုပ်ဖို့ပဲ” ဟု အဆိုပါ ပညာရှင်က ဆိုသည်။
အစိုးရသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နှင့် အောက်တိုဘာ ၂၄ ရက်တို့တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူ ဒေါ်လာ စသည့် နိုင်ငံခြားငွေများနှင့် FEC တို့ကို ပြည်တွင်းသုံး ကျပ်ငွေဖြင့် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ ဆောင်ရွက် နိုင်ရန် ပုဂ္ဂလိကဘဏ် ၁၇ ခုကို နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့်လိုင်စင် (Money Changer License) များ ထုတ်ပေးခဲ့ပြီး နိုင်ငံခြားငွေလဲ ကောင်တာ ၅၇ ခု ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရှိရသည်။
ငွေလာလဲသူသည် မှတ်ပုံတင်ပါရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင် ပါမလာပါက မှတ်ပုံတင် နံပါတ် ဖြည့်ပေး ရကြောင်း၊ ဒေါ်လာ တသောင်းကျော်လျှင် အထောက်အထား ပြရန်လိုကြောင်း၊ ဒေါ်လာ ၁ သောင်းကျော် ရောင်းချသူ၏ ငွေရပုံ အထောက်အထား များအား တောင်းယူကာ သက်ဆိုင်ရာသို့ အချက်အလက်များ လွှဲပေးရကြောင်း ငွေလဲကောင်တာများက ရှင်းပြသည်။