ယခင်နအဖ စစ်အစိုးရ စိတ်တိုင်းကျရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်စရာ အကြောင်းအရာ မရှိသေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံပါတီ) ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့က ပြောဆိုလိုက်ကြောင်း သိရသည်။
လွတ်လပ်သည့် အာရှအသံ (RFA) နှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ဟောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဌေးဦးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“၂၀၀၈ ဖွဲ့စည်းပုံဟာ နှစ်ပေါင်းများစွာ အချိန်ယူဆွေးနွေးပြီးမှ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းများစွာကြာအောင် လုပ်ထားပေမယ့်လည်း အချိန်ကာလ တခုကြာရင် မသင့်တော်ဘူးဆိုရင် ပြင်ရမှာပေါ့။ ဒါပေမယ့် လောလောဆယ်တော့ ပြင်စရာ သိပ်မတွေ့သေးပါဘူး” ဟု ၎င်းက ပြောထားသည်။
လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်ရန် ကြိုးစားသွားမည်ဟု ဇန်နဝါရီလ ၂၉ ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ဒေသသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “တချို့ရှိနေတဲ့ ဥပဒေတွေက ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ ဟန့်တားထားတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒါတွေကို လွှတ်တော်အတွင်းကနေ ဖယ်ရှားချင်တဲ့ဆန္ဒတွေ ရှိပါတယ်။ နောက်ပြီး တချို့ အနည်းအကျဉ်း ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင်နှင့် တိုင်ပင်ရာ၌ ပြည်သူများ၏ ဘဝနှင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုတို့အား မလိုအပ်ဘဲ ချုပ်ချယ်ကန့်သတ်ထားသည့် ဥပဒေများ ပါဝင်နေသည်ကို တွေ့ရ၍ ထိုဥပဒေများကို စတင်ဖယ်ရှားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်ပြည်သူလူထုကို ပြောဆိုခဲ့သည်။
ထို ဥပဒေ၌ စစ်တပ်၏ အခန်းကဏ္ဍကို ဦးစားပေးထားခြင်းနှင့် တခြားသော ဥပဒေ အချက်အလက်တချို့ ပြင်ဆင်ရေးကို တခြားသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အတိုက်အခံ အင်အားစုများကလည်း ကြိုးပမ်းသွားမည်ဟု သိရသည်။
ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင်ရယူထားနိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ အထူးအစည်းအဝေးတွင် ဦးဌေးဦးက ပြည်နယ်/တိုင်းတာဝန်ခံများ၊ လွှတ်တော်ကိုယ်စားလှယ်များကို ပြောခဲ့သေးသည်။