အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မနက်ဖြန်စတင်မည့် မန္တလေးမြို့ စည်းရုံးရေး ခရီးစဉ် ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရသည်။

ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုကို တရားဟောရန် ဗထူးအားကစားကွင်းနှင့် မန္တလေးတောင် ခြေရှိ အားကစားကွင်းများကို ငှားရမ်းသော်လည်း သက်ဆိုင်ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏ ခွင့့်ပြုချက် မရရှိသည့်အတွက်ဖြစ်ကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ဧရာဝတီကိုပြောသည်။
“ရွေးကောက်ပွဲကော်မရှင်က ဟောပြောခွင့်ပေးတဲ့အတွက် ဗထူးကွင်းကို ကြိုငှားတယ်၊ ဦးဇော်ဇော်က ပေးမယ်လည်းမပြော မပေး ဘူးလည်းမဆို ဒီအတိုင်းပဲနေတယ်၊ နောက် တောင်ခြေကကွင်းကိုငှားတယ် ဒါပေမယ့်မရဘူး”ဟု ၎င်းကဆိုသည်။
ဒေါက်တာ စိုင်းဆမ်ထွန်း၏ ရတနာပုံ FC ဘောလုံးအသင်းပိုင် သီရိမန္တလာ အားကစားကွင်းကို ငှားရမ်းသော်လည်း ခွင့်ပြုခြင်း မရှိ ကြောင်း သိရသည်။
အဆိုပါ အားကစားကွင်းများသည်ကျယ်ဝန်းပြီး လာရောက်မည့်ဒေသခံလူထုအတွက် အဆင်ပြေမှုရှိသောကြောင့် ငှားရမ်းရခြင်းဖြစ် ကြောင်း၊ မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်းပိုင် အားကစားကွင်းကို ကျပ် ၅သိန်းဖြင့်ငှားရမ်းခဲ့သော်လည်း တက်ရောက်လာမည့် လူထု၏လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်ကပြောပြ သည်။
မန္တလေးလူထုအကြား ထွက်ပေါ်နေသည့် အတည်မပြုနိုင်သေးသည့် သတင်းများအရ မန္တလေးတိုင်းဒေသကြီး အစိုးရက လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပရန် ဗထူးအားကစားကွင်းကို ငှားရမ်းသော် လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ကြောင်း၊ ထိုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်တွင် အသုံးပြု ရန် ငှားရမ်းမှုကိုလည်း အလားတူငြင်းပယ်ရခြင်းဖြစ်ကြောင်း ပြောဆိုမှုများ ဖြစ်ပေါ်နေသည်။
ဗထူး အားကစားကွင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ အကူအညီဖြင့် ပြန်လည်မွမ်းမံထားသည့် ကစားကွင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်မှာ ယာယီဖျက်သိမ်းခြင်းသာ ဖြစ်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် အစည်း အဝေး ခေါ်ယူကာ ပြန်လည် စီစဉ်သွားမည်ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။
မန္တလေးလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် အဆင်သင့်ပြုလုပ်ထားပြီး စောင့်မျှော်နေသော်လည်း မလာရောက် နိုင်သည့်အတွက် စိတ်မကောင်းဖြစ်နေကြကြောင်း မန္တလေး မြို့ခံများက ပြောဆိုသည်။
အထက်မြန်မာပြည် ပန်းချီဆရာ ၁၀၀ကျော်ပါဝင်သည့် ရန်ပုံငွေ ရှာဖွေသည့် ပန်းချီပြပွဲ၊ အိုရီယမ်တယ် ဟောက်စ် တွင် ညစာစားပွဲ၊ ပြင်ဦးလွင်မြိုနှင့် တံတားဦးမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီက တနင်္သာရီတိုင်း ထားဝယ်မြို့နယ်သို့ နေချင်းပြန်ခရီးထွက်ကာ လူထုစည်းရုံးရေးလုပ် ငန်းများကို လုပ်ကိုင်ခဲ့သေးသည်။
ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမည့် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်နေ့ အတွင်း စိစစ် အသိအမှတ်ပြုမည်ဖြစ်ပြီး ထိုကာလမတိုင်မီအချိန်တွင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိ တို့ ပါတီဌာနချုပ်နှင့် ရုံးခွဲများတွင်သာ စည်းရုံးရေးလုပ်ငန်းများကို ပြုလုပ်ရန်၊ အခြားနေရာများတွင် စည်းရုံးရေးလုပ်ငန်းများ လုပ် ဆောင်လိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲကို ၇ ရက်ကြို၍ အကြောင်းကြားရန် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။