အစိုးရ ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အပစ်အခတ် ရပ်စဲရေး အတွက် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) မှ ဗိုလ်ချုပ် ဘီထူး အပါအဝင် ခေါင်းဆောင် တချို့ နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အဓိကထားပြီး ဆွေးနွေးကြကြောင်း KNPP အတွင်းရေးမှူး (၁) ခူး ဦးရယ်က ဧရာဝတီသို့ ပြောသည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် KNPP ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ သတင်းပေးပို့၍ သွားလာခွင့် ပြုရေး၊ ဗဟိုအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များ က ချပြကြောင်း ၎င်းက ဆိုသည်။
“အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ အတွက်ကို KNPP ဘက်က အသေအချာစဉ်းစားပြီး ဆုံးဖြတ်ဖို့ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။
သို့သော် ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲ အဆင့်သာဖြစ်ပြီး မတ်လ အစောပိုင်းတွင် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
“ဦးအောင်မင်းကလည်း ပုဂ္ဂိုလ်ရေး အနေအထားအရရော၊ လုပ်ငန်းပိုင်း အရရော ပွင့်ပွင့်လင်းလင်းရှိပါတယ်၊ ကျနော်တို့ အပေါ်မှာ၊ ကျနော်တို့လည်းပဲ နောက် ဆွေးနွေးပွဲတွေ အတွက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊ သူကတော့ ကျနော်တို့ ယုံကြည်လောက် တယ် လို့တော့ မြင်လို့ရပါတယ်”ဟု ခူးဦးရယ်က ပြောသည်။
KNPPသည် ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသည့် အချိန်မှ စတင်၍ မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။
ဦးအောင်မင်းနှင့် အတူ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်းတို့လည်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု(FDB ) တို့ကိုလည်း ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။
ယမန်နေ့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် အလွတ်သဘော ဖြစ်ကြောင်း DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်ရေးအတွက် စသည်တို့ကိုလည်း ဆွေး နွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။
“ဒီတွေ့ဆုံမှုဟာ နွေးနွေး ထွေးထွေး ရှိတယ်၊ နောက်ပိုင်းမှာလည်း တွေ့ဆုံမှုတွေ ဆက်တိုက်ရှိမယ်လို့ ကျနော် မျှော်လင့်တယ်”ဟု လည်း ဦးအောင်မိုးဇော်က ပြောပြသည်။