ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ စာနယ်ဇင်းသမားတဦး အနေဖြင့် သွားရောက်မည်ဖြစ်သည်။
ကိုအောင်ဇော်သည် စာနယ်ဇင်းသမား ဗီဇာ (Journalist Visa) ဖြင့် မြန်မာနိုင်ငံ၌ ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ၂၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရောက်ရှိစဉ်အတွင်း အစိုးရအာဏာပိုင်များ၊ ပြည်တွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ စာပေ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံရန်ရှိသည်။
ကိုအောင်ဇော်သည် ၈ လေးလုံး အရေးတော်ပုံတွင် ကျောင်းသားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် ၁၉၈၈ စက်တင်ဘာလ တွင် ထိုင်း- မြန်မာနယ်စပ်သို့ ထွက်ခွာခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဧရာဝတီမဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာဖြင့် တလနှစ်ကြိမ် ထုတ်ဝေပြီး မြန်မာနှင့် အရှေ့တောင်အာရှ ရေးရာများကို လေ့လာသည့် ပညာရှင်များ၊ မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများ၊ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူများသို့ ဖြန့်ချိခဲ့သည်။
ဧရာဝတီမဂ္ဂဇင်းသည် မြန်မာ့ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အတိုက်အခံများနှင့် ပတ်သက်၍ ပထမဆုံးလွတ်လပ်စွာ ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့သည်။
ကိုအောင်ဇော်သည် The Nation, Bangkok Post, Wall Street Journal, The Guardian, Time, Yale Global, Foreign Policy စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ မီဒီယာများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ကိုအောင်ဇော်သည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ ဆောင်ရွက်လှုပ်ရှားသူအဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund ၏ Prince Claus Award ကို ချီးမြှင့်ခံရသည်။
မကြာသေးမီကလည်း ပြည်ပအခြေစိုက် မီဒီယာများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ ပြည်တွင်း စာနယ်ဇင်းများ၏ လက်ရှိအခြေအနေများကို သွားရောက်လေ့လာခဲ့ကြသည်။