ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့် ကြည့်ရေး အဖွဲ့များကို လာရောက်လေ့လာခွင့်ပြုမည် ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေရှိကြောင်း နိုင်ငံရေးပါတီများ က ပြောသည်။
“လေ့လာစောင့်ကြည့် သူတွေကို ခွင့်ပြုပေးမယ်၊ အစိုးရက ပြောသလိုလုပ်ပြမယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခုဖြစ် လာမှာပါ”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) ၏ ပြောခွင့်ရ ဦးဟန်ရွှေ ကလည်း“၂၀၁၀ တုန်းက လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲ မဟုတ်ပေမယ့် ဒီတကြိမ်တော့ မျှော်လင့်ပါတယ်၊ ဦးတင်အေး ကိုယ်တိုင် အာမခံထားတယ်၊ ကတိပေးတွေ ပေး ထားတဲ့အတွက်ပါ”ဟု ဆိုသည်။
နိုင်ငံတကာ၏ ရွေးကောက်ပွဲများတွင်လည်း စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ခွင့်ပြုလေ့ရှိကြောင်း၊ ထို့ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာသူများကို အစိုးရက ခွင့်ပြုပေးမည်ဟု ယုံကြည်ကြောင်းလည်း ဦးဟန်ရွှေ က ပြောသည်။
တစည ပါတီသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ပြီးလျှင် အကြီးဆုံးနိုင်ငံရေးပါတီတခုဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ၌ ၂၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာနှင့် ဖေဖော်ဝါရီ၂ ရက်နေ့က တွေ့ဆုံခဲ့စဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ လာရောက်ရေးကိစ္စ စဉ်းစားပေးမည်ဟု ပြောဆိုခဲ့သည်။
မြန်မာအာဏာပိုင်များသည် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲတခုဖြစ်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို ဦးတင်အေးက ၎င်းအား ရှင်းပြခဲ့ကြကြောင်း၊ ယခု ရွေးကောက်ပွဲသည် ပြုပြင်ပြောင်းလဲရေး လုပ် ငန်း စဉ်များ လုပ်ဆောင် နေကြောင်း ပြောဆိုနေသည့် မြန်မာအစိုးရအတွက် စမ်းသပ်မှုတခုဟုလည်း ရန်ကုန်မြို့၌ ယမန် နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ကင်တာနာ က ပြောသည်။
မစ္စတာ ကင်တာနာသည် ၎င်း၏ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မှ ပြန်လည်ထွက်ခွာရာတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်သည်။
ဦးတင်အေးအနေဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတရမည်ဟု ဒီမိုကရက်တစ် နိုင်ငံရေး ပါတီများနှင့် မကြာသေးခင်ကတွေ့ဆုံစဉ် ကတိပေးသကဲ့သို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များ လာရောက်ရေးကိစ္စကို လက်တွေ့ ဆောင်ရွက်သင့်သည်ဟုလည်း ပါတီခေါင်းဆောင်များက ပြောဆိုသည်။
နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုမည်ဆိုပါက အတိုင်းအတာ အခုအထိ အကျိုးရှိမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် မဲဆန္ဒနယ်များသို့ သွားရောက်ကာ အသေးစိတ်လေ့လာစောင့်ကြည့်ခွင့် မရသည့်တိုင် မဲဆန္ဒနယ်အလိုက် အငြင်း ပွားမှု ရှိလာပါ မှတ်တမ်းတင်နိုင်မည်ဟု ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၏ ဥက္ကဋ္ဌ ဦးအောင်သန်း က ပြောသည်။
“ဦးတင်အေးက ပြောနေပေမယ့် အောက်ခြေက ကော်မရှင်အဖွဲ့တွေက အရင်လူတွေပဲ ဆိုရင်တော့ စိုးရိမ်စရာ ကောင်းတယ်၊ ဒါပေမယ့် အငြင်းပွားလာရင် စောင့်ကြည့်ရေးအဖွဲ့တွေ သိသွားမှာစိုးရိမ်လို့ နည်းနည်းထိန်းကြလိမ့်မယ် ထင်ပါတယ်၊ ဒီအတွက် အကျိုးရှိပါတယ်”ဟု ဦးအောင်သန်း က ရှင်းပြသည်။
ယနေ့ ရန်ကုန်အရှေ့ပိုင်း ခရိုင် ကော်မရှင်ရုံးနှင့် တွေ့ဆုံရာတွင်၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ်စေရန်အတွက် ကော်မရှင် အဆင့်ဆင့်ကို ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ရှင်းပြသည်ဟု ဦးသုဝေက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီသည်လည်း ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ် ၄၈ နေရာတွင် ဝင်ရောက် ယှဉ်
ပြိုင်ရန် ပြင်ဆင်နေပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု မျှော်လင့်ထားကြောင်း ပါတီ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မကြာသေးခင်က ပြောဆိုခဲ့သည်။
NLD ပါတီကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရေးများ စတင်လုပ်ဆောင်နေကြပြီး ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် မကြာသေးခင်က တနင်္သာရီတိုင်း ထားဝယ်ဒေသသို့ မဲဆွယ်စည်းရုံးရေးသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်
၏ မန္တလေးမြို့စည်းရုံးရေးခရီးစဉ်သည် လူထုကို တွေ့ဆုံ ဟောပြောမည့်နေရာ အခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရ သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ ကလည်း ပြည်တွင်းလေ့လာစောင့်ကြည့်ရေး အဖွဲ့များအပြင် ပြည်ပမှစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ခွင့်ပေးသွားမည်ဟု မျှော်လင့်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကပြောဆိုခဲ့သည်။
အမေရိကန် အစိုးရက တိုက်တွန်းနေသကဲ့သို့ ဥရောပ သမဂ္ဂ (အီးယူ) က လည်း တိုက်တွန်းနေပြီး ရွေးကောက်ပွဲ ရလဒ် အပေါ် မူတည်၍ စီးပွားရေး ပိတ်ဆို့ထားမှု ရုပ်သိမ်းရေး ကိစ္စ စဉ်းစားပေးမည်ဟု မကြာသေးခင်က ပြောထားသေးသည်။