အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့သူမြို့သားများအနေဖြင့် NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဲပေးရန် ပုသိမ်မြို့ကိုးသိန်း အားကစားကွင်းတွင် ကျင်းပသော မဲဆွယ် ဟောပြောသည့် အခမ်း အနား၌ ပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ပုသိမ်မြို့သို့ နံနက် ၁၁ နာရီ ခန့်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး စောင့်ဆိုင်းနေသည့် ဒေ သခံ ပြည်သူ ၅ သောင်း ခန့်အား မိနစ် ၃၀ ခန့်ဟောပြောရာတွင် NLD ပါတီအနေဖြင့် ပြည်သူများအား ကျေးဇူးဆပ်ရန်အတွက် အနှစ်၂၀ ခန့် စောင့်ဆိုင်းခဲ့ရကြောင်း၊ ပြည်သူ့အတွက် တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ပုသိမ်မြို့ နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းမြင့်က ပြောပြသည်။
“ပုသိမ်မြို့သူမြို့သားတွေရဲ့ မေတ္တာက ပုသိမ်ထီးလိုပဲ အေးမျှတယ်၊ အခုရွေးကောက်ပွဲမှာ ၄၈ နေရာပဲ ဝင်ပြိုင်လို့ နည်းတယ်မထင် ပါနဲ့ ပြည်သူအတွက် လုပ်နိုင်သမျှကိုလုပ်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်”ဟုလည်း ၎င်းကဆိုသည်။
NLD အနေဖြင့် ဧပြီ ၁ ရက်၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲဝင်ရာ၌ မူ ၃ ခုကို အဓိကထား၍ဝင်မည်ဖြစ်ကြောင်း၊ မူ ၃ ခုမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အခြေခံ ဥပဒေပြင်ဆင်ရေး တို့ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်မြို့ ပတ်ဝန်းကျင်ရှိ ချောင်းသာ၊ ရှောပြာ၊ ငွေသောင်ယံ၊ ငွေဆောင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ မအူပင်၊ မြောင်းမြ၊ ဘိုကလေး၊ ကျုံပျော် စသည့် ဒေသများကလည်း လာရောက်၍ ညအိပ် ကြိုဆိုကြောင်း ဦးသောင်းမြင့်က ဆက် လက် ပြောဆိုသည်။
ရန်ကုန်-ပုသိမ် ကားလမ်းတလျှောက်ရှိ ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့် စသည့် မြို့များမှ ဒေသခံများ က လည်း ကြိုဆိုကြသည့်အတွက် သတ်မှတ်ချိန်ထက်နောက်ကျ၍ ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းသို့ ရောက်ရှိလာခြင်းဖြစ် သည်။
NLD ပါတီ၏ ဧရာဝတီတိုင်းတာဝန်ခံ ဦးကျော်ဟိုး ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်လူထုအား NLD ကြားဖြတ် ရွေး
ကောက်ပွဲ ဝင်ခြင်း ရည်ရွယ်ချက်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် NLD ကိုယ်စားလှယ်အား မဲထည့်ရန် ဒေသခံများကို တိုက်တွန်းပြောကြားကြောင်း ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပုသိမ်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့်
အချိန်ကာလနှင့် တိုက်ဆိုင်စွာ ကျောင်းသားများအား အကြိုစာမေးပွဲများ စစ်မည်ဖြစ်ကြောင်း၊ ဝင်ရောက်ဖြေဆိုခြင်းမရှိလျှင် နောင် လာမည့်စာမေးပွဲများတွင်ထိခိုက်နိုင်ကြောင်း အမိန့်ကြေညာစာများထုတ်သော်လည်း ကျောင်းသားအများစုကလာရောက်ကြိုဆိုကြ သည်ကို တွေ့ရသည်။
ပုသိမ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ကလည်း ယနေ့တွင် ပုသိမ်မြို့ခံများအား မုန့်ဟင်းခါးကျွေးမည်ဖြစ် ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၃ နှစ် အတွင်း ဒုတိယ အကြိမ် ဧရာဝတီတိုင်းသို့ ထပ်မံသွားရောက်ခြင်းဖြစ်ပြီး ပထမ အကြိမ်မှာ ၁၉၈၉ ခုနှစ်က စည်ရုံးရေး ခရီးစဉ် ဖြစ်သည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ကားဖြင့်သွားလာခွင့်မရစေရန် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြင့်အောင် က ခြိမ်းခြောက်မှုများရှိခဲ့သဖြင့် ဒေသခံများမှာ ဒေါ်အောင်ဆန်းစုကြည်ကို စက်ဘီးများဖြင့်တင်၍ စည်းရုံးရေးခရီးများ ထွက်ခဲ့ရ သည်။
ဓနုဖြူဆိပ်ကမ်းတွင်လည်း ဗိုလ်ကြီးမြင့်ဦး ဆိုသူနှင့် တပ်သား ၆ ဦးတို့၏ သေနတ်ဖြင့်ချိန်ရွယ်ပြီး ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရသေး သည်။
ယခု ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိရာတွင် ယခင်အခြေအနေနှင့် ကွာခြားသွားပြီဖြစ်ကြောင်း၊ လူထုမှာ အကြောက်တရားလွှမ်းမိုးမှုမရှိတော့ဘဲ သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း၊ အာဏာပိုင်များဘက်ကလည်း ခြိမ်းခြောက်မှုတစုံတရာ မရှိတော့ကြောင်း ဦးသောင်းမြင့် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့မှ မြောင်းမြမြို့သို့ ဆက်လက်ထွက်ခွာသွားပြီး ဒေသခံလူထုနှင့် တွေ့ဆုံမည် ဖြစ်သည်ဟု လည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးမြို့သို့ သွားရောက်ကာ လူထုနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ဟော ပြောပွဲပြုလုပ်မည့် နေရာအခက်အခဲ ဖြစ်ပေါ်သည့်အတွက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
မကြာသေးမီကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် မကွေးတိုင်း ပခုက္ကူမြို့များသို့ သွားရောက်ခဲ့ရာ ဒေသခံပြည်သူများစွာ က ကြိုဆိုခဲ့ကြသေးသည်။