အစိုးရနှင့် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ တို့ ယနေ့ နေပြည်တော်ရှိ အမရာ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး ဆက်ထိန်းရန် မူအရ သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။
သဘောတူညီချက်များတွင် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် KNU/KNLA ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင်များ သတင်းပေးပို့၍ သွားလာခွင့် ပြုရေး၊ စီးပွားရေး လုပ်ကိုင်ရန် အတွက် နယ်မြေများ သတ်မှတ်ပေးရေး အပါအဝင် အချက် ၇ ချက် ပါဝင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်း ဆောင် ဦးအောင်သောင်း က ဧရာဝတီသို့ ပြောသည်။
KNU/KNLA ထိန်းချုပ်ထားသော ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုး ဒေသတွင် လမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပတ်သက်သော အချက်များကိုလည်း ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။
“နှစ်ဦး နှစ်ဘက် သဘောတူညီချက် အချိန်ကာလမှာ တွေ့ဆုံပြီးတော့မှ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့ ဝင်များ အတည်တကျနေထိုင်ရေး ကိစ္စတွေကို ဆက်လက်ဆွေးနွေးမယ်”ဟု ဦးအောင်သောင်းက ဆက်ပြောသည်။
ပြည်ထောင်စု အဆင့် ဆက်လက် ဆွေးနွေးမည့် နေ့ရက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ၁ လခန့်ကြာနိုင်ကြောင်း သိရသည်။
ယခု ဆွေးနွေးပွဲသို့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ နိုင်ငံခြားရေး တာဝန်ခံ စောတီမိုသီ(Timothy) အပါအဝင် တခြားသော ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက် ခဲ့သည်။ ထို့နောက် ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာလတွင် အစိုးရတပ်က ပြန်လည်တိုက်ခိုက်သောကြောင့် ငြိမ်းချမ်းရေး ပျက်ပြားမည့် အခြေအနေဖြစ်ပွားခဲ့သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA-S )၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်း အမျိုးသား တပ်ဦး (CNF) တပ်ဖွဲ့ တို့က သဘောတူ လက်မှတ်ရေးထိုး ထားကြသည်။