ရန်ကုန်တိုင်း လှှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေး၍ ယနေ့ တွင်လည်း ဒုတိယနေ့ အဖြစ် ဆက်လက် ဆန္ဒပြသည်။
ထောင်ချီသည့် အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် စက်ရုံဝင်းတွင် ငြိမ်းချမ်းစွာထိုင်၍ ဆန္ဒပြကြကြောင်း၊ နေ့ လယ် ၁၂ နာရီ ဝန်းကျင်တွင် အာဏာပိုင်များလာရောက်၍ လူစုခွဲ အိမ်ပြန် ခိုင်းသော်လည်း အလုပ်သမားများ၏ တောင်းဆိုမှု
တစုံတရာ မရရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီ ကိုပြောသည်။
အလုပ်သမားများသည် အလုပ်ရှင်က ဖြတ်တောက်ထားသော လုပ်ခလစာများ ပြန်မရသည့်အပြင် ၎င်းတို့နေထိုင်ရာ အဆောင် များ သန့်ရှင်းမှုမရှိခြင်းကိုလည်း ဆောင်ရွက်မပေး၍ ယမန်နေ့ နံနက် ၇ နာရီ မှ စတင် ဆန္ဒပြနေခြင်း ဖြစ်ပြီး မနက်ဖြန်တွင် လည်း ဆက်လက် ဆန္ဒထုတ်ဖော်ကြဦးမည်ဟု သိရသည်။
“မြို့နယ်မှူးနဲ့ အလုပ်သမားဌာနက လူတွေလာပြီးတော့ လူစုခွဲခိုင်းပါတယ်၊ တနေကုန် ဆန္ဒပြခွင့်မရှိဘူးလို့ ပြောတယ်၊ တကယ် လို့ ပြမယ်ဆိုရင် မနက်ဖြန်မှ လာကြပါ ဆိုတဲ့အတွက် မနက်ဖြန် မနက် ၇ နာရီမှာ ဆန္ဒပြကြမယ်လို့ ပြောတယ်”ဟု ကိုဖိုးဖြူ က
ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရားဝင် ရုံးပိတ်ရက် ၅ ရက်နှင့် တရုတ် နှစ်သစ်ကူး ပိတ်ရက် ၅ ရက် စုစုပေါင်း ၁၀ ရက် လုပ်အား ခကို အလုပ်ရှင်က ဖြတ်တောက်လိုက်ကြောင်း၊ အလုပ်သမား တဦးလျှင် ကျပ် ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ဖြတ်တောက် ခံခဲ့ ရ ၍ စားဝတ်နေရေး အခက်အခဲဖြစ်သောကြောင့် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ကိုဖိုးဖြူက ဆက်လက် ပြောဆိုသည်။
အလုပ်သမားများ၏ လိုအပ်ချက်များကို ဦးဆောင်၍ တာဝန်ယူပြောဆိုမည့်သူ မရှိသောကြောင့် အာဏာပိုင်များ က ဖြေရှင်း မပေးခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“အရင်တုန်းက ဆန္ဒပြရင် သူတို့လိုအပ်ချက်တွေကို ဦးဆောင်ပြီး တောင်းဆိုမယ့်သူတွေ ရှိခဲ့တယ်၊ အဲဒီလူကို အာဏာပိုင်တွေက ဖမ်းဆီးတာ၊ အရေးယူတာ၊ ခြိမ်းခြောက်တာတွေ လုပ်ပြထားတော့ အခု ခေါင်းဆောင်ထွက်မလာဘူး”ဟု ကိုဖိုးဖြူ က ပြော ဆိုသည်။ ၎င်းတို့ အနေဖြင့် ဥပဒေအရသာ အကူအညီပေးနိုင်ကြောင်းလည်း ကိုဖိုးဖြူက ဆိုသည်။
လှှိုင်သာယာ စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ လာရောက် ညှိနှှိုင်း ဖြေရှင်းလျက်ရှိကြောင်း၊ နှစ်ဦးနှစ်ဘက် အဆင်ပြေမည့် နည်းလမ်းကို ဆောင်ရွက် ပေးသွားမည်ဟု သိရကြောင်း ပြောသည်။
“အခုပဲ စက်ရုံက အကြောင်းကြားထားပါတယ်၊ သူတို့ဖြေရှင်းနေတယ်၊ မကြာခင် အဆင်ပြေသွားမယ်လို့ ကျနော့်ဆီကို ဖုန်းဆက် ပါတယ်”ဟု ဦးမြတ်သင်းအောင် က ဧရာဝတီကို ပြောသည်။
အလုပ်သမားများ ဆန္ဒပြနေသည့် ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများကို တိုင်ရီ ဖိနပ် စက်ရုံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အစည်းအဝေးလုပ်နေဆဲ ဖြစ်၍ အတိအကျ မသိရသေးဟု တာဝန်ရှိသူ အမျိုးသမီးတဦးက ဖြေဆို သည်။
တိုင်ရီ စက်ရုံ၏ လုပ်ခ လစာပေးမှု၊ လုပ်အားခ ဖြတ်တောက်မှုများကို မကျေနပ်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၀ ၊ ၂၀၁၁ ခုနှစ် တို့ တွင်လည်း အလုပ်သမား ထောင်ချီ၍ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သေးသည်။
၎င်းစက်ရုံသည် တရုတ်လူမျိုးပိုင် စက်ရုံတခု ဖြစ်ပြီး အလုပ်သမား တထောင်ကျော် ရှိကြောင်း သိရသည်။ လှှိုင်သာယာ စက်မှုဇုန် (၆) ခု တွင် အထည်ချုပ် စက်ရုံ၊ ပလတ်စတစ် စက်ရုံ၊ ဖိနပ် စက်ရုံ၊ လျှပ်စစ် ပစ္စည်း စက်ရုံ စသည့် စက်ရုံ၊ အလုပ်ရုံ များရှိပြီး အလုပ်သမားဦးရေ ၄ သောင်းကျော် ရှိသည်ဟု ဦးမြတ်သင်းအောင် က ပြောပြသည်။