အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး Mr. David H. Petraeus သည် မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မစ္စတာ Petraeus ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မှ အမည်မဖော်လိုသည့် အမေရိကန်အရာရှိတဦးကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်ကလည်း မစ္စတာ Petraeus နှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဘန်ကောက်တွင် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ Petraeus သည် မြန်မာနိုင်ငံသို့ သွားလိမ့်မည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။
ယခုကဲ့သို့ CIA ညွှန်ကြားရေးမှူးတဦးအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ရန်ရှိခြင်းသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးမြှင့်လာဖွယ်ရှိပြီး အမေရိကန်က သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ထားမည့်ကိစ္စနှင့်လည်း ဆက်စပ်နိုင်ကြောင်း သံအမတ်ကြီးဟောင်း၊ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီသို့ ပြောသည်။
“အမေရိကန် CIA နဲ့ မြန်မာနိုင်ငံက လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်ကတည်းက စစ်ရေး နိုင်ငံရေး အစုံပေါ့၊ သူတို့နဲ့ ဆက်ဆံရေးရှိခဲ့တာ။ နောက် ဦးနေဝင်း ခေတ်အထိပေါ့။ မြန်မာနိုင်ငံက တရုတ်တို့၊ အမေရိကန်တို့အတွက် မဟာဗျူဟာ ကျတယ်” ဟု သခင်ချန်ထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် CIA သည် စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် အဖက်ဖက်က သတင်းများကို သိရှိအောင် လုပ်လေ့ရှိကြောင်း၊ မြန်မာက တရုတ်နှင့် နီးနီးကပ်ကပ်ရှိသည်ကို ချိန်ခွင်ရှာညှိရန်လည်း ယခုကဲ့သို့ ညွှန်ကြားရေးမှူးအဆင့် လာခြင်းဖြစ်နိုင်ကြောင်း သခင် ချန်ထွန်းက သုံးသပ်သည်။
မြန်မာ့ တပ်မတော်မှ စစ်အရာရှိများကိုလည်း အမေရိကန် စစ်တက္ကသိုလ်များသို့ ယခင်က ပညာသင်စေလွှတ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဦးနုလက်ထက်မှစ၍ ဦးနေဝင်းခေတ်အထိ မြန်မာနိုင်ငံသည် အမေရိကန်၊ တရုတ်၊ ရုရှား အင်အားကြီးနိုင်ငံများအကြား ဘက်မလိုက် ဟန်ချက်ညီ ရပ်တည်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှအစ စစ်ရေး၊ နိုင်ငံရေးအဆုံး မြန်မာ-အမေရိကန် ဆက်ဆံရေး ကျယ်ပြန့်ခဲ့သည်ဟု သခင်ချန်ထွန်းက ဆက်လက်ပြောသည်။
၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါများ ဖယ်ရှား ခံရပြီးနောက် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့သည့် တန်ပြန်စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ကလည်း ၁၉၈၈ ခုနှစ် မတိုင်မီအထိ မြန်မာစစ်ထောက်လှမ်းရေးနှင့် အမေရိကန် ထောက်လှမ်းရေး အနီးကပ်ရှိခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကင်းကွာခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။
အမေရိကန် CIA က အလိုရှိသော ဘိန်းဘုရင် ဦးခွန်ဆာကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ် ချထားခဲ့ပြီး ဦးခွန်ဆာ ကွယ်လွန်ချိန်အထိ အကာအကွယ်ပေးခဲ့သည်။
စစ်သက် ၃၇ နှစ်ရှိ ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာ Petraeus ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် သမ္မတ အိုဘားမားက CIA ညွှန်ကြားရေးမှူး ခန့်အပ်ခဲ့သည်။
မစ္စတာ Petraeus သည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲတွင် နံမည်ကြီး အမှတ် ၁၀၁ လေကြောင်းချီ တပ်မဟာ၏ ကွပ်ကဲရေးမှူး ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် အီရတ်စစ်မြေပြင်တွင် အထင်ရှားဆုံး စစ်ဆင်ရေး ကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ အာဖဂန်နစ္စတန် စစ်ဆင်ရေးတွင်လည်း ထိပ်တန်း စစ်ဆင်ရေးကွပ်ကဲမှု တာဝန်ယူခဲ့သူ ဖြစ်သည်။
အမေရိကန်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးနောက် မစ္စတာ Petraeus သည် ထောက်လှမ်းရေး အချက်အလက်များရရှိရန် သူလျှိုစစ်ဆင်ရေးများကို ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရန်နှင့် အခြားနိုင်ငံများတွင် လျှို့ဝှက် စီစဉ်ခဲ့သူလည်းဖြစ်သည်။
မစ္စတာ Petraeus သည် နိုင်ငံတကာ ဆက်ဆံရေး အထူးပြုဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိထားသည်။