မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း ကူးသန်းရောင်းဝယ်မှုများကြောင်း ဖေဖော်ဝါရီလအစောပိုင်းမှစ၍ အစစ်အဆေးတင်းကျပ်ပြီး အသွားအလာကန့်သတ်သဖြင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေကြောင်း သိရသည်။
မြန်မာဘက် မောင်းတောမြို့ ဆိပ်ကမ်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက် တာခ်နာဆိပ်ကမ်း ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းနှင့် ပတ်သက်၍ မောင်တောမြို့မှ ကုန်သည်တဦးက “အဓိက တင်းကျပ်ပိတ်လိုက်တာက ဘင်္ဂလားဘက်က ဖြစ်ပါတယ်။ ကျနော် စုံစမ်းရသလောက် မူးယစ်ဆေးဝါးတွေ၊ တခြား မှောင်ခိုပစ္စည်းတွေကို ထိမ်းသိမ်းတဲ့ အနေနဲ့လို့ သိရပါတယ်” ဟု ပြောသည်။
ထိုသို့ တင်းကျပ်ပိတ်ပင်ခြင်းကြောင့် ကုန်သည်များ ထိခိုက်နစ်နာကြောင်း၊ ကုန်သည်များ မောင်းတောတွင် သောင်တင်နေကြသကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဤဘက်သို့ ကူးမလာနိုင်ဘဲ သောင်တင်နေသည်ဟု ဖုန်းဆက်ကြောင်း၊ လှေသမားများပင် သွားလာခွင့်မရသည်မှာ သီတင်းတပတ်ရှိပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မှောင်ခိုတင်သွင်းလာသည့် ယာဘဆေးပြား ၂၆၉၉ ပြားနှင့်အတူ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူ ဘင်္ဂါလီလူမျိုး ၂ ဦးအား ဖေဖော်ဝါရီလ ၆ ရက်နေ့က ကောက်ဘဇားသို့ မရောက်မီ အိုခီးယား စစ်ဆေးရေးဂိတ်၌ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) က ဖမ်းဆီးရမိကြောင်း၊ ထို့နေ့မတိုင်ခင်ကလည်း အဆိုပါ ဂိတ်၌ပင် ယာဘဆေးပြား ၂၉၉ ပြား ဖမ်းဆီးရမိသေးကြောင်း သိရသည်။
ထို့အပြင် ကောက်ဘဇားခရို ရာမူး (ပန်းဝါမြို့) တွင် မြန်မာပြည်တွင် ထုတ်လုပ်သည့် ယာဘဆေးပြား ၁၂၀၅ ပြားကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။
နယ်စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ကလေးများနှင့် အမျိုးသမီးများပါ လုပ်ဆောင်လာနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရှိရသည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နတ်ကျောက်ဆရီ၊ ဘိုင်ဆရီ၊ ဆိုးနာဆရီနှင့် ကောက်ဘဇား မြို့နယ်များတွင် မူးယစ်ဆေးဝါး စစ်ဆေးနှိမ်နင်းရေးများ လုပ်ဆောင်လျက်ရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် သတင်းများနှင့် ဆက်စပ်၍ လာမည့်လလယ်တွင် သမ္မတ ဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်လည်ပတ်ဖွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှလာသည့် သတင်းများအရ သိရသည်။
လာရောက်လည်ပတ်မည့်နေ့ကို ညှိနှိုင်းဆဲ ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးကြဖွယ်ရှိကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။
ယမန်နှစ် ဒီဇင်ဘာလအတွင်းက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာသည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စများကို ဆွေးနွေးခဲ့သေးသည်။