အစိုးရဝန်ထမ်းများ လာဘ်ပေး၊ လာဘ်ယူမှု ပပျောက်ရေးအတွက် လစာတိုးမြှင့်ရေး အဆိုတရပ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်၌ ယမန်နေ့က တင်သွင်းရာ အတည်ပြုလိုက်ကြောင်း သိရသည်။
ဝန်ထမ်းများသည် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြု၍ လက်ဘက်ရည်ဖိုး တောင်းခံခြင်းနှင့် အလှူငွေ ကောက်ခံခြင်း စသည့် အကျင့်ပျက် ခြစားမှုများကို လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ စားဝတ်နေရေး ဖူလုံရန်အတွက် အစိုးရက ဆောင်ရွက်ပေးမည့်အဆိုကို ဦးရွှေမန်းက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။
ဦးရွှေမန်း၏ အဆိုသည် ဝန်ထမ်းများအတွက် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအကြို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အတွက် မဲဆွယ်စည်းရုံးမှုလည်း ဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “ဒီအချိန်မှာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ရော အစိုးရ အတွက်ပါ ရလဒ်ကောင်းထွက်ဖို့ အရေးအကြီးဆုံး အချိန်ဖြစ်နေတယ်။ ဒီတော့ လုပ်ရပ်ကောင်းတွေ လုပ်ပြချင်တယ်၊ အလုပ်နဲ့မဲဆွယ်တဲ့ သဘောပါ” ဟု ပြောသည်။
ဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌလည်းဖြစ်ပြီး ၎င်း၏ အဆိုအား ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ် အများစုက ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “အဲဒီလို လုပ်ရပ်တွေနဲ့ ဝန်ထမ်းတွေကို မဲထည့်ပေးဖို့ တဖက်လှည့် စည်းရုံးတာလို့ မြင်ပါတယ်။ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုကို လစာတိုးပေးရုံနဲ့ ဖြေရှင်းလို့မရဘူး။ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်လည်းပဲ လာဘ်စားမှု မရှိဖို့လိုအပ်တယ်” ဟု ပြောသည်။
၎င်းက “ဒီကိစ္စကို အမျိုးသားစီမံကိန်း တရပ်အနေနဲ့ လုပ်ပေးဖို့ အတွက်ဆိုပြီး အဆိုတင်တယ်။ ၁၉၆၀ ဝန်းကျင်က ဝန်ထမ်းတွေမျိုး ဖြစ်အောင် လုပ်ဆောင်ပေးဖို့၊ လာဘ်စားမှု တိုက်ဖျက်ဖို့ ကိစ္စတွေကို အသေးစိတ်ကို ဦးရွှေမန်းက တင်ပြခဲ့တယ်” ဟု ဆိုသည်။
အူမတောင့်မှ သီလစောင့်နိုင်မည်ဖြစ်ပြီး ဂုဏ်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်၍ ဝန်ထမ်းများအတွက် လစာကို လာမည့် ဘတ်ဂျက်နှစ် အစတွင် တိုးမြှင့်ပေးရေး ဦးရွှေမန်းက တင်ပြခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။
ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဝန်ထမ်းများနှင့် အောက်ခြေ အုပ်ချုပ်ရေး ဝန်ထမ်းများ၏ လစာနှင့်စရိတ်များကို ၁၉၅၉-၆၀ ခုနှစ်က ရရှိခဲ့သည့် တန်ဖိုးနှင့် စရိတ်များအတိုင်း ရရှိအောင် ခွင့်ပြုပေးသင့်ကြောင်း ဦးရွှေမန်းက ဆိုသည်။
ဦးရွှေမန်း၏ အဆိုပြုချက်အတိုင်း လစာတိုးမြှင့်ပေးနိုင်သော်လည်း ယခင်ကဲ့သို့ အခြေအနေမျိုး ရရှိနိုင်မည် မထင်ကြောင်း ၁၉၆၀ ခုနှစ်ဝန်းကျင်က ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ပညာရေးမှူးဟောင်း ဦးနိုင်ငွေသိန်းက ပြောသည်။
“အဲဒီတုန်းက ရွှေတကျပ်သားကို ၁၅၀ ကျပ် ဝန်းကျင်ပဲ ရှိတယ်။ ဝက်သား တပိဿာ ၂ ကျပ်ပဲရှိတယ်။ ငွေက တန်ဖိုးရှိတော့ အဖေတယောက် အလုပ်လုပ်ရင် မိသားစု တခုလုံး စားဝတ်နေရေး ဖူလုံတယ်၊ ပိုလျှံသေးတယ်” ဟု ဦးနိုင်ငွေသိန်း က ဆိုသည်။
၎င်းသည် ထိုအချိန်က အလယ်တန်းကျောင်းအုပ် ဖြစ်ပြီး လစာ ၃၅၀ ကျပ် ရရှိကြောင်း၊ ထိုနှှုန်းထား အတိုင်းပေးမည် ဆိုပါက ယခု ကျပ် ၁၅ သိန်း ဝန်းကျင် ပေးရမည်ဖြစ်ကြောင်း ရှင်းပြသည်။
လက်ရှိတွင် အလယ်တန်းကျောင်းအုပ်၏ လစာမှာ ၈၀၀၀၀ ကျပ် ဝန်းကျင်ရှိပြီး ဝက်သား တပိဿာလျှင် ကျပ် ၆၅၀၀ ဝန်းကျင်နှင့် ရွှေတကျပ်သားလျှင် ကျပ် ၆ သိန်းကျော် ရှိကြောင်း သိရသည်။
အစိုးရ ဝန်ထမ်းများအား လစာတိုးပေးခြင်းသည် ကောင်းသည့်လုပ်ရပ် ဖြစ်သော်လည်း စီးပွားရေးသမားများ၏ ဈေးကစားမှုကြောင့် ကုန်ဈေးနှှုန်း ကြီးမြှင့်လာမှုအတွက် အစိုးရက ကြိုတင်ပြင်ဆင်ထားပေးရန် လိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“လစာတိုးမယ်ကြားတာနဲ့ ကုန်ဈေးတက်တဲ့ အကျိုးဆက် ခံစားရတော့မယ်။ တိုးတာ မတိုးတာထက် လာဘ်ပေး၊ လာဘ်ယူမှုကို ထိပ်ပိုင်းကအစ အရင်တိုက်ဖျက်ရမယ်။ ဒါကအဓိက လုပ်ရမယ့်အချက်ပါပဲ” ဟု ဦးသုဝေက ဆိုသည်။
စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ ) ကမူ လစာတိုးပေးခြင်းကြောင့် ဈေးနှှုန်းတက်ခြင်း၊ အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုများပြား၊ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ခြေ နည်းပါးကြောင်း သုံးသပ်သည်။
“ဈေးတက်လာရင်တောင် ကိုယ့်ရောင်းတဲ့ ပစ္စည်းလည်းပဲ ဈေးတင်လို့ရတာပေါ့။ ငွေကြေးဖောင်းပွတာ နည်းနည်း ရှိလာနိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့စာရင် အခုက ၅ ရာခိုင်နှှုန်း၊ ၆ ရာခိုင်နှှုန်း ပဲရှိပါတယ်” ဟု ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။
လစာတိုးခြင်းကြောင့် ကုန်ဈေးနှှုန်း မြင့်မားမှု မဖြစ်ပေါ်စေရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်မည့် အဖွဲ့အစည်းများကို လွှတ်တော်အနေဖြင့် တိုက်တွန်းသင့်သည်ဟု ယူဆကြောင်း ဦးရွှေမန်းက အဆိုတင်သွင်းစဉ် ပြောဆိုထားသည်။