ကချင်စစ်ပြေး ဒုက္ခသည်များအတွက် နာမည်ကျော် ကချင်အဆိုတော်များ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

“ရန်ကုန်မှာရှိတဲ့ ကချင်အဆိုတော်တွေ အားလုံးစုပြီး တိုင်ပင်တဲ့အခါမှာ ဒီပွဲလုပ်ချင်တယ်၊ ငါတို့ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီကြမယ်ပေါ့။ အဓိကက လူသားချင်း စာနာတဲ့သဘောပါ။ နောက်ပြီး ကိုယ့်အမျိုးတွေလည်း ဖြစ်နေတော့ ပိုပြီးတော့ လုပ်ဖြစ်သွားတာပေါ့” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ဧရာဝတီသို့ ပြောသည်။
စစ်ပြေးဒုက္ခသည် ၆ သောင်းကျော်ကို ကူညီမည့် ယင်းရန်ပုံငွေဂီတပွဲကို နာမည်ကျော် ကချင်အဆိုတော်များ ဖြစ်သည့် နောနော်၊ L လွန်းဝါ၊ ရေဗက္ကာဝင်း၊ L ဆိုင်းဇီ၊ N ကိုင်ရာ၊ ဒေါင်လွန်း၊ အောင်းလာ၊ အမ်းနော်၊ L ခွန်းရီ၊ K ဂျာနူး၊ ကော့မိုင်နှင့် Blueberry တို့ အပါအဝင် ကချင်အဆိုတော် ၂၀ ခန့်က မေတ္တာဖြင့် ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ပွဲကို “မနောအလှ ဂီတည” ဟု အမည်ပေးထားပြီး တခြားပြင်ပ အဆိုတော်များ မပါဝင်ဘဲ ကချင် အဆိုတော်များနှင့် Z အဘောက်၊ အွန်ဆိုင်း၊ ဆိုင်းလူစသည့် ကချင်သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ဝင်ကြေးအဖြစ် လက်မှတ်တစောင်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး သီဆိုဖျော်ဖြေမှုအပြင် ကချင်ရိုးရာ အကများလည်း ပါဝင်မည်ဖြစ်သည်။
ဂီတပွဲမှ ရရှိလာသည့် ငွေကြေးများနှင့် လှူဒါန်းပစ္စည်းများ အားလုံးကို အဆိုတော်များကိုယ်တိုင် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကချင်ဒုက္ခသည်များအား ကူညီပေးနေသည့်အဖွဲ့များထံ ပေးအပ်သွားမည်ဟု L လွန်းဝါက ပြောသည်။
“အဓိကက စိတ်ဓာတ်ပိုင်းပေါ့။ သူတို့ရဲ့ အားငယ်ဝမ်းနည်းနေတဲ့ စိတ်တွေကို အားပေးမယ်။ ကျနော်တို့လည်း သူတို့နဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ကျနော်တို့ တတ်နိုင်သလောက် ကူညီရင်း ပြသမယ်”ဟု သူက ပြောသည်။
ပွဲကြော်ငြာပိုစတာတွင် ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ရံပုံငွေဂီတပွဲ ဟု ထည့်သွင်း ကြော်ငြာ သွားမည်ဖြစ်ပြီး မည်သူမဆို ဒုက္ခသည်များအား အလှူငွေဖြစ်စေ၊ အဝတ်အထည် အသုံးအဆောင်ဖြစ်စေ လှူဒါန်းလာပါက လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“ရှိုးပွဲကရတဲ့ လက်မှတ်ခအပြင် တခြား ဘယ်သူမဆို ပံ့ပိုးကူညီတဲ့ အလှူငွေပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် အကုန်လုံး သွားလှူပေးမှာပါ” ဟု L လွန်းဝါက ဆိုသည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်ကစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ ၆ သောင်းကျော်မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
လတ်တလောတွင် KIO နှင့် အစိုးရကိုယ်စားလှယ်တို့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးသော်လည်း တဖက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။