အာဏာရှင်ဟောင်း ဦးနေဝင်း၏ တော်လှန်ရေးကောင်စီလက်ထက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်း ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်
အအုံကို ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြား လိုက်သည်။
“အခု ဒီမိုကရေစီဖော်ဆောင်နေတဲ့ ခေတ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေ ပေါ်ပေါက်နေပြီပဲဗျာ၊ ကျောင်း သား လွှတ်တော်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ ဆိုတာရှိရမယ်။ ကျောင်းသားသမဂ္ဂဆိုတာက အဆောက်အအုံနဲ့ ရုံးခန်းနဲ့ ကျောင်း သားထုအပေါ်ကို အကာအကွယ်ပေးဖို့ သဘောပဲ”ဟု ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။
ယမန်နေ့က မျိုးဆက် အဆက်ဆက် ကျောင်းသားဟောင်းများ မိတ်ဆုံပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ လက် ဖက်ရည်ဆိုင်၌ ကျင်းပသည့် အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောကြားခြင်းဖြစ်သည်။
မိတ်ဆုံပွဲသို့ ၁၉၆၂ ခုနှစ် ကျောင်းသားမျိုးဆက်များမှ အစပြုကာ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၂၀၀၇ ခုနှစ် အထိ ကျောင်း သားမျိုးဆက်များ တက်ရောက်ခဲ့သည်။
ယခုကဲ့သို့ ကျောင်းသားမျိုးဆက် စုံလင်စွာတွေ့ဆုံမှုသည် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင် ပထမဆုံးဖြစ်သည်။
ကိုမင်းကိုနိုင်က သမဂ္ဂ ဒေါင်း အလံ လက်ဆင့်ကမ်းမှု သင်္ကေတ ဖြစ်ကြောင်း ဆက်ပြောလိုက်ပြီး မြန်မာ့လွတ်လပ်ရေး သမိုင်းသည် ကျောင်းသားလှုပ်ရှားမှုနှင့် စတင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ကျောင်း သား ခေါင်းဆောင်များက ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ လွတ်လပ်ရေးအတွက် အခြေတည်ခဲ့သောကြောင့် သမိုင်း တန်ဖိုး ကြီးမား၍ လည်းကောင်း၊ ဒီမိုကရေစီဖော်ဆောင်ချိန်ဖြစ်သည့် အချက်တို့ကြောင့်လည်းကောင်း ကျောင်းသားသမဂ္ဂ အဆောက် အအုံ ကို ပြန်လည်ဆောက် လုပ်ပေးရန် လိုအပ်သည်ဟုလည်း ဆိုသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်က ရန်ကုန် တက္ကသိုလ်ကျောင်းသားများသည် ဖိနှိပ် ချုပ်ချယ်သည့် ကျောင်းစည်းကမ်းများ ရုပ် သိမ်းရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ စည်းဝေး ဆုံးဖြတ်၍ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြ သည်။
ထိုသို့ကျောင်းသားများ ဆန္ဒပြမှုကို ဗိုလ်ချုပ်ကြီး နေဝင်း တော်လှန်ရေးကောင်စီအစိုးရက အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းခဲ့ရာ ၁၀ ဦးထက် မနည်း သေဆုံး၍ ဒဏ်ရာရသူ ၅၀ နီးပါးရှိခဲ့ပြီး ကျောင်းသားများစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည့် မှတ်တမ်းများ ရှိခဲ့ သည်။
နောက်တနေ့ ဇူလိုင် ၈ ရက် နံနက်စောစောတွင် ကျောင်းသားသမဂ္ဂ အဆောက် အအုံကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ နောက်ပိုင်း ၌ ထိုကျောင်းသား အရေးအခင်းကို ဆဲဗင်း ဂျူလိုင် အရေးအခင်းဟု သတ်မှတ် ခေါ်ဆိုခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ဦးနေဝင်း၊ ဒု ဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး တို့အကြား ၁၉၈၈ ခုနှစ်ကလည်း လူသိရှင်ကြား အပြန်အလှန် အပြစ်တင်ခဲ့ကြဖူးသည်။
ယမန်နေ့က မိတ်ဆုံပွဲ၌ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ ၊ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ၇၄ မျိုး ဆက် ခေါင်းဆောင် ဦးလှစောတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြသည်။
၆၂ မျိုးဆက်ခေါင်းဆောင် ဦးလှရွှေက“ သမဂ္ဂ ဒေါင်းအလံကို အသက်တွေ၊ ဘဝတွေ၊ မျက်ရည်တွေ ထုနဲ့ဒေး ပေးဆပ် ရင်း လက်ဆင့်ကမ်းလာကြတာ အခု ၈၈ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကနေ နောက်ဆုံး ၂၀၀၇ မျိုးဆက်ထိပဲ။ အားလုံးဟာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲ လူတွေချည်းပါပဲ”ဟု ဧရာဝတီကို ပြောသည်။
ကိုမင်းကိုနိုင်ကလည်း“ကျောင်းသားလှုပ်ရှားမှု သမိုင်းတွေက ဖုံးကွယ်ထားလို့မရဘူးဗျ။ အမှန်တရားဟာ ဘယ်လိုမှ တားမြစ်ပိတ်ပင်လို့ မရတဲ့အတွက် အချိန်တန်တော့ ကျောင်းသားတွေရဲ့ ရင်ဘတ်ထဲကို ရောက်လာတာပဲဗျ။ ၆၂ ဆဲဗင်း ဇူလိုင် ကျောင်းသား လှုပ်ရှား မှုတွေက စပြီး ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျနော်တို့ ရင်ထဲကိုဝင်လာပြီးတော့ သွေးထဲကို မြစ်တစင်းလို စီးဆင်း လာတယ်။ အခုထိ ဒေါင်းအလံကို လက်ဆင့်ကမ်း သယ်လာလိုက်ကြတာ”ဟု ပြောသည်။
၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီး၊ ၇၄ မျိုးဆက် ဦးလှစောတို့ကလည်း ကျောင်းသားသမိုင်း ဆိုင်ရာများကို အသီးသီးပြော ဆိုခဲ့ကြပြီး မျိုးဆက်သစ်တို့၏ ကြိုးစားလှုပ်ရှားမှုများ အတွက် ဂုဏ်ပြု ပြောဆိုခဲ့ကြသည်ဟုလည်း သိရသည်။