အမေရိကန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ဝါရှင်တန် ဒီစီ မြို့တွင် တွေ့ဆုံသည်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့် အနေဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇာဂနာက“ကျနော်တို့ နိုင်ငံမှာ တိုးတက်မှုက အခုမှ အစပဲ ရှိပါသေးတယ်။ ရှေ့ဆက်လုပ်ဆောင်စရာတွေကို လုပ်ဖို့ ကျနော် တို့ ဆန္ဒရှိပါတယ်။ ဒါဟာ ကျနော်တို့အတွက် အရမ်း အရေးကြီးပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မစ္စ ဟီလာရီ နှင့် တွေ့ဆုံမှု အပြီးတွင် ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ပြီး ကိုဇာဂနာသည် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် အနေနှင့် ရောက်ရှိနေခြင်း ဖြစ် သည်။
မစ္စ ဟီလာရီနှင့် တွေ့ဆုံရာတွင် လူရွှင်တော် ဇာဂနာနှင့်အတူ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့် တို့လည်းပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ထိုသို့ အမေရိကန် ထိပ်တန်းအရာရှိများ တွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ၊ တိုင်းရင်းသား အရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“တွေ့ရတာ အရမ်းအားရမိပါတယ်။ သူ့ရဲ့ အားပေးမှုတွေကို တကယ်ပဲ အထူး ကျေးဇူးတင်ကြောင်း ကျမ သူ့ကို ပြောခဲ့တယ်။ အထူးသဖြင့်တော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးပေါ့။ အမျိုးသမီးအရေးကို သူတကယ်စိတ်ဝင်စား တယ်လို့ ကျမထင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက အမျိုးသမီးအရေး ပိုတိုးတက်အောင် အားပေးဖို့ ကျမ သူ့ကိုတိုက်တွန်းခဲ့ပါတယ်”ဟု ဒေါ်ခင်သန်းမြင့်က ပြောသည်။
ကိုဇာဂနာ တို့ ၃ ဦးသည် အမေရိကန်ရှိ National Endowment for Democracy(NED) ၏ ဖိတ်ကြားချက်အရ အမေရိကန် သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း NED တွင် အရပ်သား အစိုးရ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမြင်သဘောထားများအား ကို ဇာဂနာနှင့် မြန်မာ့အရေး လှုပ်ရှားသူများအပါအဝင် အမေရိကန် လွှတ်တော်အမတ်တချို့နှင့် NED မှ တာဝန်ရှိသူများ ဆွေးနွေး ဖလှယ်ခဲ့သေးသည်။
ကိုဇာဂနာသည် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့်၂၀၁၁ ခုနှစ် အောက်တိုဘာလလယ်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ၎င်းကို အစိုးရက၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး လုပ်နေစဉ် ဖမ်းဆီး၍ ထောင် ၃၅ နှစ်ချမှတ်ခဲ့သည်။
ထောင်မှပြန်လွတ်ပြီးနောက် ကိုဇာဂနာသည် ထိုင်း၊ ကမ္ဘောဒီးယား နှင့် စင်္ကာပူနိုင်ငံများသို့ ပြည်ပခရီးစဉ်အဖြစ် ရုပ်ရှင်နှင့် အနုပညာဆိုင်ရာ လေ့လာရေး ထွက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးခြင်းများနှင့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော်ကိုလည်း ဦးစီးလုပ်ဆောင်ခဲ့သည်။
မစ္စ ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ကိုဇာဂနာနှင့် ရန်ကုန် တွင် တွေ့ဆုံခဲ့သေးသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် သမိုင်းဝင် ခရီးစဉ် ဖြစ်သည်။
ယင်းခရီးစဉ် အတွင်း မစ္စ ဟီလာရီသည် သမ္မတ ဦးသိန်စိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အသီးသီးတွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အမေရိကန်က အားပေးထောက် ခံ သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။