မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ပြုလုပ်သည်။
အစိုးရဘက်မှ ဗိုလ်မှူးကြီးစောခင်စိုး (ငြိမ်း) ဦးဆောင်ပြီး ABSDF ဘက် မှ ဒု ဥက္ကဌ ဦးမျိုးဝင်း အပါအဝင် ခေါင်းဆောင်တချို့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုဆွေးနွေးပွဲမှ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် နှင့် ငြိမ်းချမ်းရေး အတွက် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
“ရှေ့ဆက် တန်းတူ ညီတူ ဆွေးနွေးသွားဖို့ အတွက် သဘောတူညီမှုရခဲ့တဲ့ အပေါ်မှာတော့ ဘာပဲပြောပြော အပြန်အလှန် လေးစား မှု ရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်”ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့်လဆန်းပိုင်းတွင် အစိုးရကိုယ်စားလှယ်များက ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူများကို တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး နောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက သဘောတူ လက်မှတ်ရေးထိုးထား ကြသည်။
ယင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ငြိမ်းချမ်းရေး ယူထားကြသော်လည်း မြန်မာပြည် မြောက်ပိုင်းရှိ ကချင်ပြည် လွတ် လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်သည့် ဒေသများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသေးကြောင်း သိရသည်။