မြန်မာနိုင်ငံသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများ၌ ဥပဒေအရ အကာအကွယ်ပေးမှု အားနည်းသည့် နိုင်ငံတနိုင် ဖြစ် ကြောင်း ဗြိန်တိန်နိုင်ငံ အခြေစိုက်Maplecroft အဖွဲ့ ၏၂၀၁၂ ခုနှစ်ထုတ် ဥပဒေစိုးမိုးမှုဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုအစီရင်ခံစာသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာထားသည့် အစီရင်ခံစာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ဥပဒေအရ ကာကွယ်ပေးမှု အနည်းဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်နေသည်။
မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခြေခံမှစတင် ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင် ရာ ဥပဒေသစ်များကို လက်ရှိကျင်းပနေဆဲ လွှတ်တော်များတွင် ဆွေးနွေး လုပ်ဆောင်နေပြီ ဖြစ်၍ မကြာမီ တိုးတက် ကောင်း မွန်လာမည်ဟု ယူဆကြောင်း စီပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ)က ဧရာဝတီ ကို ပြောသည်။
“စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လုပ်စရာတွေတော့ အများကြီးပဲ၊ အဓိက တရားဥပဒေ စိုးမိုးရေး လုပ်ဖို့ရယ်၊ ကိစ္စ အားလုံးမှာ
ထင်သာ မြင်သာ ရှိဖို့ လိုအပ်သေးတယ်၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေက အစ ပီပြင်ဖို့ လိုသေးတယ်”ဟု ဆရာ ခင်မောင်ညိုက ဆို သည်။
ပုဂ္ဂလိက စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း မိမိစိတ်ကြိုက် စိုက်ပျိုးလိုသည့် သီးနှံများကို စိုက်ပျိုးနိုင်မှု နည်းပါးသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်သော Maplecroft အဖွဲ့၏အစီရင်ခံစာ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို ဥပဒေအရ ကာကွယ် ပေးမှု အနည်းဆုံး ၁၀ နိုင်ငံတွင် မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ကျူးဘား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများလည်း ပါဝင်သည်။
ရေနံ၊ သဘာ၀ ဓာတ်ငွေ့စသည့် သဘာ၀ အရင်းအမြစ်များ ကြွယ်ဝသည့် အာဖရိကဒေသ မှ ဆူဒန်တောင်ပိုင်း၊ လစ်ဗျား
နိုင်ငံ၊ တာ့က်မန်နစ္စတန်(Turkmennistan) နိုင်ငံများသည် တရားဥပဒေ စိုးမိုးမှု နည်းကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများအတွက် တရားဥပဒေ စိုးမိုးရေး ကိစ္စ အပြင် စီးပွားရေး ပိတ်ဆို့ထားမှု
များ ဖယ်ရှားပေးပြီးမှ လွတ်လပ်စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း စီးပွားအကြောင်း အရာများဖော်ပြသည့် မြန်မာ့ ဓနမဂ္ဂဇင်း၏ အယ်ဒီတာ ဦးသီဟစော က ပြောသည်။
စီးပွားရေး ပိတ်ဆို့ထားမှုကို မကြာသေးခင်က ရုပ်သိမ်းလိုက်သည့် နော်ဝေနိုင်ငံမှ ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံကြ
တော့မည်ဖြစ်ကြောင်း၊ ယခင်က ရေးဆွဲထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ တချို့၌ အားနည်းချက် တချို့ရှိကြောင်း၊
ထို ဥပဒေ၌ ကုမ္ပဏီများအတွက် အာမခံချက်ရှိမည့် အချက်များ ပါဝင်ကြောင်းလည်း ဦးသီဟစော က ပြောဆိုသည်။
“ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားပြီး ဥပဒေသစ် ထွက်ပြီးသွားရင် စိတ်ချစွာနဲ့ ရင်းနှီးမြှုပ်နှံနိုင်ကြတော့မှာပါ”ဟု ၎င်းက ဆိုသည်။
ရေနံ ကြွယ်ဝသည့် အရှေ့အလယ်ပိုင်း ဒေသများ၌ နိုင်ငံရေး မငြိမ်သက်မှု ဖြစ်ပေါ်နေခြင်း၊ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှု တချို့လုပ်ဆောင်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ဆိုင်ရာ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံရန် ပိုမို စိတ်ဝင်စားမှု ရှိနေကြကြောင်း Maplecroft အဖွဲ့ အစီရင်ခံစာ က ဆိုသည်။
စီးပွားရေး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံအပါအဝင် တရားဥပဒေ စိုးမိုးမှု မရှိသေးသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဆိုပါက သတိထားရန် လိုအပ်ကြောင်းလည်း ထို အစီရင်ခံစာ၌ ဖော်ပြထားသည်။