၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံခဲ့ရသည့် ရန်ကုန်မြို့ရှိ မဂ္ဂင်ကျောင်းတိုက်နှင့် ပြည်ကျော် ရွှေတောင် ကျောင်းတိုက်တို့ကို ယနေ့နေ့လည်ပိုင်းကတရားဝင် ပြန်လည်ဖွင့်ခွင့် ပေးလိုက်ကြောင်း သတင်းရရှိသည်။
“ဒီနေ့ ဦးဇင်းတို့ရဲ့ မဂ္ဂင်ကျောင်းကို ပြန်ဖွင့်ပေးလိုက်တယ်။ အားလုံးပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းပါပဲ” ဟု မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣန္နက ဧရာဝတီသို့ မိန့်ကြားသည်။
သင်္ကန်းကျွန်းမြို့နယ်ရှိ လယ်တီ ဝိပဿနာကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေစဉ် ယနေ့ နံနက်က ခေါ်ဆောင်သွားခြင်းခံရသည့် ဦးဂမ္ဘီရနှင့်ပတ်သက်၍ CNN သတင်းဌာနနှင့် အင်တာဗျူးနေချိန်၌ သက်ဆိုင်ရာက အကြောင်းကြာလာခြင်း ဖြစ်ကြောင်း၊ မဂ္ဂင်ကျောင်းတိုက်အရှေ့ သွားရောက်ခဲ့ပြီး မကြာခင် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် အာဏာပိုင်များက လာရောက်ဖွင့်လှစ်ပေးသွားခဲ့ခြင်းဖြစ်ကြောင်း ဦးဣန္နက ဆက်လက်မိန့်ကြားသည်။
မဂ္ဂင်ကျောင်းတိုက် ပြန်လည်ဖွင့်ခွင့် လျှောက်ထားပြီး ၅ ရက်အကြာတွင် ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ကျော် ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍဝံသက “အခုလေးတင်ပဲ လာဖွင့်ပြီးတော့ ပြန်သွားကြတယ်။ လူမှုကယ်ဆယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီးနဲ့ ရန်ကုန်တိုင်း သာသနာရေး ညွှန်ကြားရေးမှူးပေါ့နော်။ သူတို့လာဖွင့်သွားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ပေါ့” ဟု ဧရာဝတီသို့ မိန့်ကြားသည်။
သင်္ကန်းကျွန်းမြို့နယ်ရှိ ချိတ်ပိတ်ထားသော မဂ္ဂင်ကျောင်းတိုက်ကို အကျဉ်းထောင်မှ မကြာမီက ပြန်လည်လွတ်မြောက်လာသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် ဦးဆောင်ရဟန်းတပါးဖြစ်သည့် ဦးဂမ္ဘီရက သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ ဖွင့်လှစ်နေထိုင်သည့်အတွက် သာသနာရေးဝန်ကြီးဌာနမှ ယခင်အပတ်က ပြန်လည် ချိတ်ပိတ်ခဲ့သည်။
မဂ္ဂင်ကျောင်းတိုက် ပြန်လည် ချိတ်ပိတ်ခံရပြီးနောက် မဂ္ဂင်ကျောင်းဆရာတော်နှင့် ဦးဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်းတော်များသည် လယ်တီ ဝိပဿနာကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးနေခဲ့ ရသည်။
ယနေ့ နံနက် ၂ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများက ဦးဂမ္ဘီရကို လယ်တီ ဝိပဿနာကျောင်းမှ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ခေါ်ယူသွားစဉ်က ဖမ်းဆီးခြင်း မဟုတ်၊ ခေတ္တမေးမြန်းရန်ဟုသာ ပြောဆိုကြောင်း ဦးဣန္နကက မိန့်သည်။
သို့သော် ခေါ်ဆောင်သွားပြီးနောက် ဦးဂမ္ဘီရ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်၍ မရဘဲဖြစ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက အာဏာစက်နှင့် တရားစွဲ အရေးယူမည့်ကိစ္စကို သံဃမဟာနာယက အဖွဲ့က တားမြစ်ပြီး ဓမ္မစက်ဖြင့် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီကိုယ်တော်က မဟာနာယက ဆရာတော်ကြီးတွေရဲ့ ပင့်လျှောက်လွှာ ၃ ကြိမ်ရတာတောင်မှ တခါမှ မသွားလို့ ပျက်ကွက်တယ်ဆိုတာ ရှိတယ်။ သို့သော်ငြားလည်း လုပ်ထုံးလုပ်နည်းအရဆိုရင် သက်ဆိုင်ရာ ပင့်လျှောက်မယ့် ရဟန်းတော်ကို တိုင်းရုံးကသော်လည်းကောင်း၊ မဟနကသော်လည်းကောင်း၊ လာရောက်ဖို့ ပင့်ဖိတ်တဲ့နေရာမှာ တပတ် သို့မဟုတ် ၂ ပတ်ခန့် ကြိုပြီး အကြောင်းကြားရပါတယ်။ အခုဟာ အကြောင်းကြားစာကို ညနေခင်းပို့ မနက်ခင်းခေါ် ဆိုတာကြောင့် နှစ်ဖက်စလုံးက လုပ်ဆောင်ချက် အားနည်းချက်တွေ ရှိနေပါတယ်” ဟု ဦးပဏ္ဍဝံသက ဆက်လက်မိန့်ကြားသည်။
ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဝင်းအတွင်းရှိ သာသနာ့သိပ္ပံကျောင်းနှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့ကိုလည်း တံခါးသော့များ ရိုက်ဖွင့်ထားသည့်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် သာသနာရေးဦးစီးဌာနက ပြန်လည် ချိတ်ပိတ်လိုက်ကြောင်း၊ ကျောင်းပြန်လည် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ ရဟန်းတော်များက လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။