ကချင်ပြည်နယ် အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ၌ လွန်ခဲ့သည့် နှစ် ၂၀ ကျော်က အစိုးရ စစ်ထောက်လှမ်းရေးဟု စွပ်စွဲခံရပြီး အသက်ဆုံးခဲ့ရသည့် ကျောင်းသားများကို ရည်စူး၍ ယနေ့ ဆွမ်းကျွေးပွဲ တရပ်ပြုလုပ်ကြောင်း သတင်းရသည်။
ယနေ့နံနက် ၁၀နာရီခွဲခန့်က ရန်ကုန်မြို့ အလုံမြို့နယ် မိုးကုတ်ဝိပဿနာ၌ ပြုလုပ်သည့် ယင်းအခမ်းအနားကို ထိုစဉ်က အစွပ်စွဲခံ ရပြီး ဖမ်းဆီးထားစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ကြသည့် ကျောင်းသားများဖြစ်သော လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်နေသူ ပန်းချီ ဆရာထိန်လင်း၊ ကိုကျော်နိုင်ဦး၊ ကိုဘိုဘို(ခ) ကိုမိုးကျော်သူ၊ ကိုသိန်းထွန်း နှင့် ကိုမိုးဇော်ထွန်းတို့အပါအဝင် စုစုပေါင်း ၇ ဦးက ဦးစီး လုပ်ဆောင်ခြင်းဖြစ်သည်။
အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီ ဗဆွေ တို့အပြင် စာရေးဆရာမ သာယာဝတီ စန်းစန်းနွဲ့နှင့် ပြည်တွင်းမီဒီယာများ အပါအဝင် လူ ၁၀၀ ကျော်ခန့် တက်ရောက် ကြောင်း ပန်းချီ ထိန်လင်း က ပြောသည်။
၁၉၉၁ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲပြီး လူ ၁၀၀ ကျော်ကို ဖမ်း ဆီး၍ ပြစ်ဒဏ်ပေး စီရင်မှု ဖြစ်ပွားခဲ့ရာ ABSDF(မြောက်ပိုင်း) ဥက္ကဌ ကိုထွန်းအောင်ကျော် အပါအဝင် ၃၅ ဦး သေဆုံး၍ ပန်းချီထိန်လင်း အပါအဝင် လူ ၅၀ ကျော်မှာ တရုတ်ပြည် ဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
“တပ်တွင်း အာဏာလုမှု အတွင်း ပြင်းထန်တဲ့ နှိပ်စက်မှုနဲ့ ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်း သား ရဲဘော်တွေပေါ့ဗျာ၊ သူတို့ရဲ့ ကျဆုံး သွားခဲ့တဲ့ လူသား ဂုဏ် သိက္ခာ၊ နိုင်ငံအပေါ်ထားရှိတဲ့ စေတနာတွေကို ပြန်ဖော်ထုတ်တာပါ ”ဟု ပန်းချီ ထိန်လင်း က ဆိုသည်။
ရှစ်လေးလုံး အရေးတော်ပုံအပြီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ထံသို့ ဦးစွာ တောခိုသွားသည့် မိုးညှင်း၊ နမ္မားဒေသခံ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားများနှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့်ဒေသအနှံ့မှ ကျောင်းသားများအကြား နိုင်ငံရေး အားပြိုင်မှုကြောင့်လည်း ထို မြောက်ပိုင်း အရေးအခင်း ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း အခမ်းအနား တက်ရောက်လာသည့် ကျောင်းသား ဟောင်းများက ပြောဆိုကြသည်။
အခင်းဖြစ်ပွားစဉ်က ABSDF(မြောက်ပိုင်း) တာဝန်ယူထားသူများတွင် ရဲဘော်မျိုးဝင်း၊ ရဲဘော်သံချောင်း၊ ကိုအောင်နိုင်(ခ) ရော်နယ် အောင်နိုင်၊ ကိုလဆိုင်း၊ ကိုအောင်သန်း စသည်တို့ ပါဝင်ကြောင်း၊ ကိုမျိုးဝင်းမှာ အစိုးရတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင်ကျဆုံးသွား ခဲ့ပြီး ကိုသံချောင်းမှာ ယခုအခါ ပဲခူးတိုင်း သာယာဝတီ ထောင်တွင် သေဒဏ် ကျခံထားရကြောင်း သိရသည်။
ထောက်လှမ်းရေးဟု စွပ်စွဲခံရသူတဦးဖြစ်သည့် သာယာဝတီမြို့မှကိုကျော်နိုင်ဦး(ခ) ကိုကြောင်က“ကျနော်တို့ ထောက်လှမ်း ရေး မဟုတ်ပါဘူး ဆိုတာ အဲဒီအချိန်က ဗဟိုကော်မတီတွေ သိပါတယ်”ဟု ဆိုသည်။
ထိုစဉ်က ABSDF(မြောက်ပိုင်း)ဌာနချုပ်တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သည့် ကိုအောင်နိုင်(ခ) ရော်နယ်အောင်နိုင်က မူ အဆိုပါ အရေးယူ အပြစ်ပေးမှုများသည် ABSDF အဖွဲ့အတွင်း စစ်အစိုးရ၏ ထောက်လှမ်းရေး ဟု ယုံကြည်ရသူများကို ဖော်ထုတ်ခြင်းသာဖြစ်ကြောင်း ပြောသည်။
“အာဏာလုပွဲ မဟုတ်ပါဘူး၊ စစ်အစိုးရထောက်လှမ်းရေး၊ ရန်သူထောက်လှမ်းရေးလို့ ယူဆရတဲ့သူတွေကို ဖော်ထုတ်မိလို့ အဲဒီ အပေါ်မှာ အရေးယူ အပြစ်ပေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
စစ်ဆေးရရှိသည့် အချက်အလက်များနှင့် ထိုသူများ၏ ABSDF အဖွဲ့အတွင်း ပြုမူခဲ့သည့် အပြုအမှုများ အပေါ်မူတည်၍ အပြစ်ရှိ သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကတရားသူကြီးအဖွဲ့မရှိသေးသည့်အတွက် မိမိအပါအဝင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ် သည့် ဗဟိုကော်မတီ ၈ ဦး အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ် အပြစ်ပေးခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းမှ ချမှတ်သည့် စည်းမျဉ်း စည်း ကမ်းများအရ ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ကိုအောင်နိုင်က ပြောဆိုသည်။
“ကိုထွန်းအောင်ကျော် ဆိုရင် ပုဂ္ဂိုလ်ရေး အရ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် လက်နက်ကိုင် တော်လှန်ရေးမှာတော့ ကိုယ့်တာဝန် တော့ ကိုယ်ကျေအောင် လုပ်ရတာပေါ့”ဟု ကိုအောင်နိုင်က ဆိုသည်။
အဆိုပါ အဖြစ်အပျက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ABSDF အဖွဲ့ကလည်း ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့တခု ဖွဲ့စည်းမည်ဖြစ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးတို့အားလည်း ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ မိမိအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
ABSDF မြောက်ပိုင်း အမှတ်တရ ဆွမ်းကျွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်၌ မန္တလေးမြို့တွင်လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့ခြင်း ဖြစ်သည်။