မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေကို ကြည့်လိုက်ရင် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ရိုက်ကွင်း ရိုက်ကွက်တွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ ပုံရိပ်တွေကို ပြမယ်ဆိုရင်တော့ ဘယ်နေရာမှ သွားမရှာလေနဲ့၊ လှိုင်မြို့နယ်မှာရှိတဲ့ MICT Park ဝန်းထဲမှာ ဖြစ်ချင်ဖြစ် ဒါမှမဟုတ် ယခင်က ယဉ်ကျေးမှုတက္ကသိုလ် ယခု အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ဝန်းထဲမှာသာ ဖြစ်ပါလိမ့်မယ်။
အရာရာပြောင်းလဲ လွတ်လပ်လာပြီလို့ ဆိုရမယ့် မြန်မာနိုင်ငံအနေနဲ့ မကြာသေးခင်က ရန်ကုန် တက္ကသိုလ် ဝန်းအတွင်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခွင့်ပြုတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံကနေ သိရတယ်လို့ ပြည်တွင်းထုတ် Transport ဂျာနယ်မှာ ရေးသားထားပါတယ်။
ယခင်က ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ တချို့မြင်ကွင်းတွေဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေနိုင်တဲ့ ရိုက်ကွင်းရိုက်ကွက်တွေဖြစ်လို့ ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ရိုက်ကူးခွင့်မရခဲ့တာလို့ သိရပါတယ်။
တချို့ဇာတ်ကားတွေဆိုရင် တက္ကသိုလ်ဇာတ်ကားလို့သာ ဆိုသော်ငြားလည်း စာသင်ခန်းမပါ အပျော်အပါး အခန်းတွေနဲ့သာ ပြီးသွားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။
“မြန်မာနိုင်ငံရဲ့ တက္ကသိုလ်စာသင်ခန်းတွေက နိုင်ငံတကာ ပညာရေးစံချိန်နဲ့ကြည့်ရင် မမှီဘူးဆိုလို့ စာသင်ခန်းကို ရိုက်မပြရဘူး။ ဂုဏ်သိက္ခာကျဆင်းစေနိုင်တဲ့ ရိုက်ကွက်ဆိုတာက ဝတ်စားဆင်ယင်မှုပိုင်းကို ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ မိန်းကလေးတွေကို နောက်ပြောင်တာကိုလည်း ပြောချင်တာဖြစ်မယ်။ ဘာမှ မတိကျ မရေရာတဲ့ စကားလုံးတွေပဲ တသက်လုံး သုံးစွဲလာတာလေ။ အခုထိလည်း ဝေ့လည်လည်ပဲ ရှိသေးတယ်။ တိတိကျကျ ရေရေရာရာပြောပြီး ပိတ်ခဲ့တာလည်း မဟုတ်ဘူး” လို့ တက္ကသိုလ်ဇာတ်ကား အတော်များများ ရိုက်ကူးခဲ့သူ ဒါရိုက်တာ မောင်မျိုးမင်းက ဧရာဝတီကို ပြောပါတယ်။
အလားတူပဲ ဆေးရုံ၊ ဘူတာရုံ၊ လေယာဉ်ကွင်းစတဲ့ နေရာတွေကို ထည့်သွင်းရိုက်ကူးတော့မယ် ဆိုရင်လည်း အဲ့ဒီနေရာတွေကို ရိုက်ကူးခွင့် လျှောက်ထားရာမှာ အချိန်ကြာကြာ စောင့်ဆိုင်းရတာတွေ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လုပ်ငန်းရဲ့ ထောက်ခံစာ လိုအပ်တာတွေ စတဲ့ အခက်အခဲတွေနဲ့ အများဆုံးရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမယ့် ထူးခြားတာတခုက ဒီလို တက္ကသိုလ်ဝန်းတွေထဲမှာ ဇာတ်ကား ရိုက်ကူးခွင့်တွေ ပိတ်ပင်ထားပေမယ့်လည်း အရင်စစ်အစိုးရနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ ဇာတ်ကားတွေမှာတော့ တက္ကသိုလ်နယ်မြေရဲ့ ပုံရိပ်တွေကို ပြန်လည် ခံစားရတတ်ပါတယ်။
ဒီလိုတက္ကသိုလ်ရဲ့အငွေ့အသက်ကို အပြည့်အဝရိုက်ကူးသွားပြီး ပရိသတ်တွေအကြား ရေပန်းစားသွားတဲ့ ပေါ်လစီ ဇာတ်ကား တချို့လည်း ရှိပါတယ်။
“တက္ကသိုလ်ဝန်းတွေထဲမှာ ဇာတ်ကားတွေ ပြန်ရိုက်ခွင့်ရပြီဆိုရင်တော့ ဘာပဲပြောပြော ဝမ်းသာစရာ ကိစ္စတခုလို့ မြင်မိပါတယ်။ အရင်တုန်းက ဒီအခွင့်အရေးကို ပေါ်လစီကားရိုက်တဲ့ အခါမျိုးနဲ့ ပေါ်လစီကားရိုက်နေကျ သူမျိုးပဲ ရတာမို့ပါ” လို့ ဒါရိုက်တာ ချိုတူးဇော်က ဧရာဝတီကို ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် အရင်ကလို တက္ကသိုလ်ရဲ့ ပုံရိပ်တွေပြန်လည် တွေ့မြင်လာရတော့မယ် ဆိုတော့လည်း ပျော်ရွှင်ဖွယ်ရာ ကျောင်းသားဘဝရဲ့ပုံရိပ်တွေလည်း ပြန်ပုံဖော်လို့ ရလာတော့မှာပါ။ သို့ပေမယ့်လည်း ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ခွင့်ရမယ်ဆိုတာဟာ ပါးစပ်ရာဇဝင် မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း …။
ဗိုလ်ချုပ် ရုပ်ရှင်အတွက် အလုပ်ခန်း ဖွင့်တော့မယ်
လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးရုံးခန်းကို အမှတ် (၁၀၁) ဘီ၊ ဓမ္မစေတီလမ်း ကမာရွတ်မြို့နယ်မှာ ဖွင့်လှစ်တော့မှာပါ။
ဒီဖွင့်ပွဲအခမ်းအနားကို ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ကိုယ်တိုင်ကြွရောက် ဖွင့်လှစ်ပေးမှာဖြစ်ကာ ဆရာတော်က ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားအတွက် ကျပ် ၃၂ သိန်းလှူဒါန်းမှာပါ။ ဒီဖွင့်ပွဲကို ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများလည်း တက်ရောက်မယ်လို့ သိရပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်းတာဟာ ဒီဟာက ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် ကျပ် ၃၂ သိန်းကို ဆရာတော့်မွေးနေ့ ဇန်နဝါရီ ၉ ရက်နေ့က လှူဒါန်းထားပြီးဖြစ်ပါတယ်။ ဆရာတော်က အခုလို ကျပ် ၃၂ သိန်းကို လေးကြိမ်တိတိ လှူဒါန်းမှာဖြစ်ပြီး ကျန်ရှိတဲ့ နှစ်ကြိမ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ ပရဟိတစိတ်ဓာတ်ကို လေးစားတဲ့အနေနဲ့ သူရဲ့မွေးနေ့မှာ လှူဒါန်းမှာဖြစ်ကာ ကျန်တဲ့တကြိမ်ကိုတော့ အာဇာနည်နေ့မှာ လှူဒါန်းမှာပါ။
အခုလို လေးကြိမ်တိတိ လှူဒါန်းရခြင်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ဇန်နဝါရီ ၄ ရက်နေ့ဖြစ်သည် ကတကြောင်း၊ ၃၂ သိန်းလှူဒါန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ နှစ်မှာ ကျဆုံးခဲ့ခြင်းဖြစ်တာကြောင့်တကြောင်း၊ အခုလို ၃၂ သိန်းကို လေးကြိမ်တိုင်တိုင် လှူဒါန်းတာဖြစ်တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရဲ့ ပြန်ကြားရေးတာဝန်ခံ ဒါရိုက်တာ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောပါတယ်။
ယခုလတ်တလောမှာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက် အသုံးဝင်မယ့် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ပစ္စည်းတွေ၊ စာတွေကို အလှူခံနေပြီး သရုပ်ဆောင်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် နေရာကလွဲပြီး ကျန်ရှိတဲ့နေရာတွေကို ပြည်တွင်း သရုပ်ဆောင်များနဲ့သာ သရုပ်ဆောင် ရိုက်ကူးသွားမှာလို့ သိရပါတယ်။
“ဒီဇာတ်ကားက ကမ္ဘာကိုသွားမှာဆိုတော့ မြန်မာ့သရုပ်ဆောင်တွေကို ကမ္ဘာက သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အမေစု ကိုယ်တိုင်က ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်ကလွဲရင် ကျန်တာ သရုပ်ဆောင်တွေထဲက သုံးပါလို့ ကျမတို့ကို မှာထားပါတယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။
အဆိုပါ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုမှာ ပြည်တွင်း ဒါရိုက်တာ သရုပ်ဆောင်များ ပါဝင်ဖန်တီးမှာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ ဝေဖန်သံတွေလည်း ကြားရပါတယ်။
ဒီကိစ္စကို ဒါရိုက်တာ ကြည်ဖြူသျှင်က “ဗိုလ်ချုပ်သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေဟာ အရင်လူကြီးတွေလက်ထက်မှာ ထုတ်ခွင့်မရခဲ့လို့ စာအုပ်တွေဟာ ပျောက်ကွယ်နေတာ။ ဒါတွေဟာ ပြည်သူတွေရဲ့ လက်ထဲမှာ အကုန်ရှိကြတယ်။ အခုချိန်မှာ အဲဒီစာအုပ်တွေ ထွက်လာကြတယ်။ တချို့တွေက ကျမတို့ ကားရိုက်ဖို့အတွက် လာလှူကြတယ်။ ဒါကြောင့် ကျမတို့တွေဟာ အချိန်တိုတွင်းမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေ အများကြီးရလာတယ်။ အဲဒီတော့ ကျမတို့ရိုက်မယ့် ဇာတ်ကားသည် စိတ်ကူးယဉ်တာ လုံးဝမပါဘူး။ တကယ် ဗိုလ်ချုပ်ပြောခဲ့တဲ့စကားအတိုင်း အရှိအတိုင်း ရိုက်သွားမှာပါ” လို့ ကြည်ဖြူသျှင်က ပြောပါတယ်။
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ်ကားကို လာမယ့် ၂၀၁၅ ခုနှစ်မှာကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့်အတွက် ရည်ရွယ်ရိုက်ကူးတာ ဖြစ်ပါတယ်။