အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်အပေါ် အခြေခံသော ပင်လုံစိတ်ဓာတ်ဖြင့်သာ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
သို့မှသာ တိုင်းရင်းသားများ အကြား တဦးကိုတဦး ယုံကြည်မှု၊ လေးစားမှု၊ သစ္စာရှိမှုများနှင့် ပြည့်စုံသည့် ပြည်ထောင်စုကြီးလည်း ဖြစ်မည်ဟု ဆိုသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပင်လုံစာချုပ်ကို မူတည်တဲ့အခြေခံက ပြည်ထောင်စုတိုင်းရင်းသားအားလုံးကြားမှာ ယုံကြည်စိတ်ချမှု၊ တဦးပေါ်တဦး လေးစားမှု၊ တဦးပေါ်တဦး ယုံကြည်မှု၊ သစ္စာရှိမှုပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိလည်း တိုင်းရင်းသားများက နောင်ပြည်ထောင်စု တခု ကို စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတခုကို ထူထောင်ဖို့ဆိုတာက ပင်လုံစာချုပ်ရဲ့ စိတ်ဓာတ်၊ ပင်လုံစာချုပ်ပေါ်မှာ အခြေခံ ရ မယ်လို့ ထပ်တလဲလဲပြောနေတာက ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် လျှောက်လှမ်းရမည့် လမ်းခရီးသည် ကြမ်းတမ်းခက်ခဲမည် ဖြစ်ပြီး တိုင်းရင်းသား မဟာမိတ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် သော်လည်းကောင်း၊ အင်အား အနေဖြင့်သော် လည်း ကောင်း ဗမာတိုင်းရင်းသားသည် လူများစုဖြစ်ပြီး အခြားတိုင်းရင်းသား အနည်းစုများအပေါ် သဘောထားကြီးမားမှုနှင့် အမြင်ကျယ်မှုရှိရန် အရေးတကြီးလိုအပ်ကြောင်း၊ တသွေးတသံ တမိန့်တည်း ဆိုသော မူဝါဒသည် အာဏာရှင် အရိပ်အငွေ့ပါကြောင်း ၎င်းက
ပြော ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“ကျမတို့ လက်တွဲပြီးတော့ ချီတက်သွားတဲ့အခါမှာ မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ ညီ ညွတ်ရေးကို လက်ကိုင်သွားမှာပါ။ မတူကွဲပြားမှုဆိုတာက ကျမတို့က အမှန်ပြောရရင် ကြိုဆိုပါတယ်။ မတူကွဲပြားမှုတွေကြောင့် လည်း ကျမတို့လောကကြီးလည်း ပိုပြီးတော့ စိမ်းစိမ်းလန်းလန်းရှိတယ်လို့ မြင်ပါတယ်။ အားလုံး တမျိုးတည်း တသံတည်း တသွေး၊ တသံ၊ တမိန့်ဆိုတာကို ကျမ သိပ်မကြိုက်ချင်ဘူး။ ဒါ အာဏာရှင်ရဲ့အရိပ်အငွေ့တွေပါတယ်လို့ ကျမဒီလိုပဲမြင်တယ်။ မတူကွဲပြား တဲ့ စိတ်ဓာတ်တွေ၊ မတူကွဲပြားတဲ့ အမြင်တွေ၊ မတူကွဲပြားတဲ့ ယာဉ်ကျေးမှုတွေပေါ်မှာ အခြေခံပြီးတော့ အင်မတန်လှပ တင့်တယ် ပျော်ရွှင်ဖွယ် ကောင်းတဲ့ ပြည်ထောင်စုကြီးတခုကို ထူထောင်ချင်ပါတယ်။ ထူထောင်ဖို့ အတွက်လည်း တိုင်းရင်းသား ညီအစ်ကို
မောင်နှမတွေအားလုံးကို ဖိတ်ခေါ်ပါတယ်”ဟုလည်း ဆိုသည်။
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ပြည်တွင်းနိုင်ငံရေး ပါတီများကလည်း ခမ်းခမ်းနားနား ကျင်းပခဲ့ကြသည်။
“ပင်လုံစာချုပ်မှာပါတဲ့ ၊ သဘောတူခဲ့တဲ့ သဘောတူညီချက်တွေကို အာဏာရှင်အစိုးရအဆက်ဆက်က ပျောက်ကွယ်အောင် လုပ်ခဲ့ကြတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဆိုတဲ့ စကားကိုပြောတာနဲ့ ခွဲထွက်မယ့် စကားဆိုပြီး အာဏာရှင် အဆက်ဆက်က နှိမ်နင်းခဲ့တယ်။ တိုင်းရင်းသားတွေကို ဖိနှိပ်တိုက်ခိုက် ခဲ့တယ်။ ဒါတွေက စားပွဲဝိုင်းမှာ ဆွေးနွေးရ မှာတွေပါ။ စကားပြောရမှာ။ ညှိုနှိုင်းရမှာ။ လက်နက်နဲ့ ဖြေရှင်းလို့ကတော့ ဘယ်တော့မှ မငြိမ်းချမ်းဘူး။ ဘယ်တော့မှ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ ဖြစ်မလာဘူး”ဟု တိုင်းရင်းသား နိုင်ငံရေး ပါတီကြီးတခုမှ ခေါင်းဆောင်တဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန် က ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် နိုင်ငံတော် ကာကွယ်ရေး အင်အား မတောင့်တင်းလျှင် အင်အားကြီးနိုင်ငံများ၏ အနိုင်ကျင့်မှုများကို တိုင်းရင်းသား ပြည်သူများ ခံကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ
နိုင်ငံ တည်ဆောက်ရေး အတွက် တရားဥပဒေ စိုးမိုးရေး၊ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး လုပ်ဆောင် သွားမည်ဟု ပြောဆို ထားသည်။
ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီးတခု ဖြစ်ပေါ်လာရေး အတွက်၂၁ ရာစုနှင့် ကိုက်ညီသော ဒုတိယ ပင်လုံညီလာခံကြီးတခု ခေါ်ယူသွားပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မှသာလျှင် ထာဝရငြိမ်းချမ်းရေး ဦးတည်နိုင်မည်ဟု ပြောဆိုခဲ့ကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တိုင်းရင်းသား ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့၌ ပင်လုံမြို့တွင် တိုင်းရင်းသား ညီလာခံ ကျင်းပ၍ ပင်လုံစာချုပ်ကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာတနိုင်ငံလုံး ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေး ရရှိခဲ့သည်။