ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံရှိ တပတ်ခန့်ကြာမြင့်သည့် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ထောင်ချီ ဆန္ဒပြမှုနှင့် ပတ်သက် ၍ အလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်က အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များကို ညှိနှိုင်းဖြေရှင်းပေးသော် လည်း အောင်မြင်မှု မရရှိသေးကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် အလုပ်သမား ကိုယ်စားလှယ် ၃၈ ဦး နှင့် စက်ရုံပိုင်ရှင်တို့ တိုင်ရီစက်ရုံတွင် တွေ့ဆုံဆွေးနွေးကြသည်ဟု အလုပ်သမားများကိုကူညီနေသော ရှေ့နေ ကိုဖိုးဖြူကပြော သည်။
ကိုဖိုးဖြူသည် ထိုဆွေးနွေးပွဲ၌ ဥပဒေ အကြံပေးအဖြစ် ပါဝင် ဆွေးနွေးသူလည်း ဖြစ်သည်။
“တိုင်းဦးစီး အရာရှိ၊ မြို့နယ် ဦးစီးအရာရှိတဦးပါ ညှိနှိုင်းပေးတယ်။ သို့သော် အလုပ်ရှင် တိုးပေးတဲ့ ပိုက်ဆံက အလုပ်သမား တွေ ရဲ့နေထိုင်ဖို့ စရိတ် ကာမိအောင်မရတဲ့အတွက် ညှိနှိုင်းဆွေးနွေးတဲ့ကိစ္စ သဘောတူညီမှု မရခဲ့ဘူး”ဟု ကိုဖိုးဖြူက ဧရာဝတီ ကို ပြောသည်။
အလုပ်သမားများက တရက်လုပ်အားခ ၇၅ ကျပ်မှ ၁၅၀ ကျပ်တိုးပေးရန်တောင်းဆိုထားသည်ကို အလုပ်ရှင်က ၈၅ ကျပ် အထိ သာ တိုးပေးကြောင်း၊ ရက်မှန်ကြေး ၆၀၀၀ မှ ၁၂၀၀၀ ကျပ်အထိ တောင်းဆိုခဲ့သော်လည်း ၇၀၀၀ အထိသာ တိုးပေးကြောင်း၊ အလုပ်သမားများဘက်က တရက်လုပ်အားခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး ၈၀၀၀ ကျပ်ရပါက ကျေနပ်နိုင်သည်ဟု ပြောဆို ခဲ့သော်လည်း အလုပ်ရှင်ဘက်က တိုးပေးခြင်းမရှိကြောင်း သိရသည်။
အလုပ်သမား ကိုယ်စားလှယ်တဦးက“အလုပ်ရှင်ကိုယ်တိုင်နဲ့ တွေ့တာက ဒီနေ့မှ တွေ့ဖြစ်တာ။ နေပြည်တော်က ညွန်ချုပ်ဦးချစ် ရှိန်လည်း ဒီနေ့မှ ဆင်းလာတာ။ အရင်နှစ်ကဆို ဦးချစ်ရှိန်က ဆန္ဒပြပြီဆိုတာနဲ့ ချက်ချင်းလာရောက်ဖြေရှင်းပေးတယ်။ ဒီတခေါက်တော့ ဆန္ဒပြတာ ၇ ရက်မြောက်မှ သူလာတယ်။ အရင်ကတော့ အလုပ်သမားတွေရှေ့ကနေ ရပ်တည်ဖြေရှင်းပေးခဲ့တယ်။ ဒီတခါတော့ ဘာမှ မပြောခဲ့ဘူး”ဟု ပြောသည်။
ထိုသို့ဆွေးနွေးပွဲ မပြေမလည်ပြီးဆုံးသွားပြီးနောက် အလုပ်သမားများက အေးချမ်းစွာ ပြန်သွားခဲ့ကြောင်း၊ လာမည့် ဗုဒ္ဓဟူးနေ့တွင် အလုပ်ရှင်နှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားရန်ရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။
အလုပ်သမားများဘက်က အနိမ့်ဆုံးလုပ်ခ လစာ တလလှျှင် ကျပ် ၄၀၀၀၀ မှ ကျပ် ၅၀၀၀၀ သတ်မှတ်ရန် အပါအဝင် အလုပ်သမား ရပိုင်ခွင့်ဆိုင်ရာ အချက် ၁၇ ချက်ကိုလည်း ထည့်သွင်း ညှိနှိုင်း ပြောဆိုခဲ့ကြောင်း သိရသည်။
တိုင်ရီ ဖိနပ်စက်ရုံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် အလုပ်သမား ဆန္ဒပြမှုကိစ္စ ဆွေးနွေး ညှိနှိုင်း မှုနှင့်ပတ်သက်၍ သဘောထား တစုံတရာ ပေးရန် ငြင်းဆိုခဲ့သည်။
အလုပ်ရှင်ဘက်ကမူ ဆန္ဒပြ အလုပ်သမားများ ဖေဖော်ဝါရီ ၁၁ ရက်နေ့ အထိ အလုပ်မဆင်းပါက မိမိ ဆန္ဒအလျောက် အလုပ် မှ နုတ်ထွက်ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ယနေ့မှစတင်၍ အလုပ်ရှင်ဘက်က အလုပ်သမားကြိုပို့ယာဉ်များ မစီစဉ်ပေးတော့သောကြောင့် ဆန္ဒပြသူများကို အလုပ်မှ ရပ် စဲ သည့် သဘော သက်ရောက်ကြောင်း အလုပ်သမားများက ယူဆနေကြသည်။
အလုပ်သမားများက ၎င်းတို့၏တောင်းဆိုချက်များ မရရှိပါက ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်(ILO) သို့ ဆက်လက် တိုင်ကြားသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
အလုပ်သမားများကို ကူညီပေးနေသူ တဦးဖြစ်သည့် မစုစုနွေးက“အခု ကျမ က အလုပ်သမားတွေရဲ့ရင်ဖွင့်သံကို လာ နားထောင်ပြီး ကူညီပေးတာပါ။ အမှန်က အလုပ်ရှင်ကပေးနိုင်ရဲ့သားနဲ့ တမင် လုပ်နေတယ်လို့ ကျမ ထင်တယ်”ဟု သူက ဆိုသည်။
လွန်ခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလ ၁၀ ရက်တာ စက်ရုံပိတ်ပြီးနောက် လုပ်အားခ လစာ ထုတ်ပေးရာတွင် လစာ ကျပ် ၁ သောင်းကျော်ဖြတ်တောက်ခံရခြင်းမှ အစပြုကာ အလုပ်သမားများက လုပ်ခလစာအပြည့် အဝရရှိရန် နှင့် အလုပ်သမား ရပိုင်ခွင့် တောင်းဆို ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံထားသည့် တိုင်ရီ ဖိနပ်စက်ရုံသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ တွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ အလုပ်သမား လုပ်အားခ နှင့် ပတ်သက်ပြီး သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ သည့် စက်ရုံလည်း ဖြစ်သည်။
တိုင်ရီ စက်ရုံတွင် အလုပ်သမား ၂၀၀၀ ကျော်ရှိရာ ယခု ဆန္ဒပြ အလုပ်သမားများမှာ ၂၀၀၀ ခန့်ရှိကြောင်း၊ အလုပ်သမား လုပ် အားခနှင့် ပတ်သက်ပြီး လှိုင်သာယာ စက်မှုဇုန်ရှိ နယူးဝေး ဖိနပ်စက်ရုံနှင့် တခြားစက်ရုံ တရုံတွင် ဖြစ်ပွားခဲ့သော်လည်း ပြေ လည်သွားကြောင်း သိရသည်။
လှှိုင်သာယာ စက်မှုဇုန် (၆) ခု တွင် အထည်ချုပ် စက်ရုံ၊ ပလတ်စတစ် စက်ရုံ၊ ဖိနပ် စက်ရုံ၊ လျှပ်စစ် ပစ္စည်း စက်ရုံ စသည့် စက်ရုံ၊ အလုပ်ရုံ များရှိပြီး အလုပ်သမားဦးရေ ၄ သောင်းကျော် ရှိသည်ဟု လှိုင်သာယာ စက်မှုဇုန် ကော်မတီက ပြောသည်။
ယခုကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို လာမည့် ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးနေ့ မတိုင်မီ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်း အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား ဥပဒေပါ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒ ဖော်ထုတ်နိုင်ကြောင်း သိရသည်။