ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲဖြစ်ရေး အစိုးရက ပြင်ဆင်ထားကြောင်း ဥရောပ ကော်မရှင်အား သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။
ဥရောပ ကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ မဟာမင်းကြီး Mr. Andris Piebalgs သည် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေးအတွက် တိုက်တွန်းခဲ့ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများကိစ္စ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာ သတင်း၌ ရေးသားထားသည်။

Mr. Andris Piebalgs သည် သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အကူအညီပေးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ ယူရိုငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်) အား နှစ်နှစ်အတွင်း ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကူညီထောက်ပံ့ငွေများအား မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၌ အသုံးပြုရန် ရည်ရွယ်၍ ပေးအပ်သွားမည်ဖြစ်ပြီး ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု သိရှိရသည်။
Mr. Andris Piebalgs သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်တွင် တွေ့ဆုံသည်။
ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတအောင် ဆောင်ရွက်သွားမည်ဟု ဦးရွှေမန်းက ဖေဖော်ဝါရီလ ၂ ရက်နေ့က လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကိုယ်တိုင်လည်း နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံစဉ် မကြာခဏ ပြောဆိုလေ့ရှိသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု မြန်မာအစိုးရ၏ ထိပ်တန်း ခေါင်းဆောင်များက နိုင်ငံတကာသို့ ပြောဆိုနေသည့်တိုင် အောင်ခြေအဆင့် ကော်မရှင်အဖွဲ့ဝင်များအတွင်း အပြောင်းအလဲ မရှိသေးသည့်ကိစ္စအပေါ် စိုးရိမ်မှု တချို့ရှိနေသေးကြောင်း ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဒီမိုကရေစီအင်အားစု နိုင်ငံရေးပါတီများက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လပ်လစ်နေရာ ၄၈ နေရာရှိပြီး NLD ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့သည် နေရာအားလုံး၌ ဝင်ရောက် အရွေးခံကြမည်ဖြစ်သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီသည် ၂၃ နေရာ အရွေးခံ မည်ဖြစ်ပြီး တခြားနိုင်ငံရေးပါတီ စုစုပေါင်း ၁၉ ခုမှလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရခဲ့သော်လည်း တနိုင်ငံလုံးတွင် မဲမသမာမှုများကို လုပ်ဆောင်ခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများကို ခံခဲ့ရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာလေ့လာ စောင့်ကြည့်ရေးအဖွဲ့များကို ဝင်ရောက်ခွင့်ပေးရေးအတွက်လည်း နိုင်ငံတကာက မြန်မာအစိုးရကို တောင်းဆိုနေကြသော်လည်း ပေးမည်၊ မပေးမည်ကို အတိအကျ ပြောဆိုမှု မရှိသေးပေ။