ဒေသခံပိုင် ရက်ကန်းရုံများကို အကာအကွယ်ပေးရေးနှင့် နိုင်ငံခြားသားများ တရားဝင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပိုင်ခွင့် မရှိခြင်းတို့ကြောင့် မြန်မာပိုင် ရက်ကန်းရုံများကို ပိတ်သိမ်းရန် အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ကျူရာကျန်ပူမြို့မှ ဒေသခံ ရက်ကန်းလုပ်ငန်းရှင်များနှင့် ဒေသခံအာဏာပိုင်များ ပူးပေါင်း စီစဉ်နေသည်ဟု သတင်းရရှိသည်။
“မြန်မာနိုင်ငံသားတွေက ဒီမှာ တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ မရှိတဲ့အတွက် သူတို့ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်မရှိဘူး။ အခု မြန်မာပိုင် ရက်ကန်းရုံတွေက တိုးလာတော့ ဒေသခံလုပ်ငန်းရှင်တွေက မကြိုက်ကြဘူး။ သူတို့ရဲ့ ရက်ကန်းရုံမှာပဲ ရက်ကန်းသမားအနေနဲ့ပဲ အလုပ်လုပ်စေချင်ကြတယ်။ မီဇိုရမ်မှာလိုပဲ နိုင်ငံခြားသားတွေက ကိုယ်ပိုင် ယက်ကန်းရုံ ထောင်ခွင့်မရှိရဘူးဆိုတာမျိုး ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လုပ်ဖို့ပါ” ဟု ဒေသခံ ရက်ကန်းလုပ်ငန်းရှင်တဦးက ပြောသည်။
ယခင်က မြန်မာနိုင်ငံသားပိုင် ရက်ကန်းရုံ ၂ ရုံခန့်သာ ရှိခဲ့ပြီး ယခုတွင် ၈ ရုံမှ ၁၀ ရုံအထိ ရှိနေပြီဖြစ်ရာ ဒေသခံလုပ်ငန်းရှင်များအတွက် ဈေးကွက်အခက်အခဲ ကြုံလာရသည်ဟု ၎င်းကဆိုသည်။
“အရင်က ထိခိုက်မှုမရှိဘူး။ နောက်ပိုင်း အကုန်ထောင်ပြီး ကိုယ်ပိုင်လုပ်ကြတော့ အထည်ဈေးတွေ ကျလာပြီး ဈေးပျက်တယ်။ ဈေးကွက်ကလည်း ကျဉ်းတော့ ရောင်းဈေးတွေပျက်တယ်။ သူတို့က ဈေးအပြိုင်အဆိုင်နဲ့ ခေါ်ကြတော့ ရက်ကန်းခတ်တဲ့သူက သူတို့ဆီပဲ သွားတယ်။ ဒေသခံလုပ်ငန်းတွေ ရပ်ရတော့မလို ဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုကြောင့် မဏိပူရ်ပြည်နယ်အတွင်းသို့ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရောက်ရှိလာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အများစုမှာ ကျူရာကျန်ပူတွင် ရက်ကန်းခတ်သူများအဖြစ် အသက်မွေးကြပြီး ထိုမှတဆင့် တနိုင်တပိုင် ရက်ကန်းရုံများ တည်ထောင်ထားကြသည်။
ရက်ကန်းစင်တွင် ဖရိန်တခုလျှင် ရူပီး ၁ သောင်း (ကျပ် ၁ သိန်း ၈ သောင်းခန့်) ရှိပြီး ချည်၊ ချည်တိုင်စသည့်ကိရိယာများ အပါအဝင် ရူပီး ၁ သောင်းခွဲခန့် (ကျပ် ၂ သိန်း ၇ သောင်းခန့်) ရင်းရကြောင်း သိရသည်။ ရက်ကန်းတရုံလျှင် အနည်းဆုံး စင် ၁၀ စင်မှ စင် ၃၀ အထိ ရှိတတ်သည်။
ရက်ကန်းယက်သူ တဦးသည် တရက်လျှင် ပျမ်းမျှ ရူပီး ၃၀၀ (၅၄၀၀ ကျပ်) ခန့် ဝင်ငွေရှိကြောင်း၊ ကျူရာကျန်ပူမြို့တွင် ရက်ကန်းခတ်သူများအဖြစ် အဓိက အသက်မွေးကြသော မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိကြောင်း သိရသည်။
မြန်မာရက်ကန်းလုပ်ငန်းရှင်များ အများစု ရှိရာ ကျူရာကျန်ပူမြို့ ချန်းခွန်ပန်၊ ငါ့သယ်လ်၊ ခဝန်ပွီး အရပ်များမှ တာဝန်ခံလူကြီးများ၊ နေအိမ်ပိုင်ရှင်များနှင့်လည်း ညှိနှိုင်းနေကြောင်း၊ မြန်မာနိုင်ငံသားများထံမှ အိမ်ငှားခ ပိုမိုရရှိမှုကြောင့် နေအိမ်ပိုင်ရှင်များက ဆက်လက် လက်ခံထားမည်ဆိုပါက သက်ဆိုင်ရာ ရဲကို ခေါ်ယူ၍ ရှင်းခိုင်းမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံလုပ်ငန်းရှင်က “တရားဝင်တော့ ကြေငြာချက် မထုတ်သေးပါဘူး။ မောင်းတော့ မထုတ်ပါဘူး။ ကိုယ်ပိုင်ထောင်ထားတာကို ပိတ်မှာ။ သူတို့ကတော့ သူတို့ပစ္စည်းတွေ ပြန်ရောင်းရမှာပေါ့။ သူတို့ ရင်းနှီးမြုပ်နှံထားရတာကိုး။ သူတို့ အလုပ်လုပ်ချင်တယ် ဆိုရင်တော့ ဒေသခံတွေရဲ့ အောက်မှာ အလုပ်သမားအနေနဲ့ပဲ လုပ်လို့ရမယ်။ မလုပ်ဘူးဆိုရင်တော့ ပြန်ချင်ပြန်ပေါ့။ သူတို့ လုံခြုံရေးဘာတွေ၊ အကုန်လုံးလိုအပ်တာတွေ ဒေသခံတွေက ကာကွယ်ပါမယ်။ ဘယ်သူမှ မနာအောင်တော့ အတတ်နိုင်ဆုံး လုပ်မှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံသား ရက်ကန်းလုပ်ငန်းရှင်များက ဖမ်းဆီးခံရမည့်အရေးနှင့် သူတို့၏ရှေ့ရေးအတွက် ပူပန်နေရကြောင်း ပြောဆိုသည်။
“သူတို့ပြောသလို မလုပ်ရင် ရဲနဲ့ဖြေရှင်းမယ်၊ ဖမ်းခိုင်းမယ်ဆိုတော့ ကျနော်တို့မှာ ဒါပဲတွေးပြီး ကြောက်လန့်နေရတယ်။ စိတ်ဓာတ်တွေလည်း ကျတယ်။ ကျနော်တို့က မြန်မာပြည်မှာ စီးပွားရေးမကောင်းလို့ ဒီမှာလာကြတာ ဒီမှာလည်း အဆင်မပြေဘူးဆိုတော့ ကျနော်တို့ မြန်မာပြည်ကိုပဲ ပြန်ရမယ့် အနေအထားဖြစ်နေတယ်” ဟု မြန်မာ ရက်ကန်းလုပ်ငန်းရှင်တဦးက ပြောသည်။
မြန်မာပိုင် ရက်ကန်းရုံ များလာသော်လည်း ဒေသခံများ၏ စီးပွားရေးကို မထိခိုက်သည့်အပြင် ဒေသတွင်း လိုအပ်သော ရက်ကန်းထည်များ အလုံအလောက် ရရှိမှု၊ ဈေးနှုန်းချိုသာမှုများကြောင့် ယခုကိစ္စကို ပြန်လည်စဉ်းစားပေးရန် ဒေသခံအဖွဲ့အစည်းသို့ တင်ပြမည်ဟု သိရသည်။
“တကယ်တော့ သူတို့ထင်သလို ထိခိုက်မှုက မရှိပါဘူး။ အရင်ကဆိုရင် အထည်တွေကို မီဇိုရမ်က သွင်းရတော့ လမ်းစရိတ်ဘာညာနဲ့ ဈေးတွေကြီးတယ်လေ။ ရက်ကန်းရုံများလာတော့ ရတဲ့အမြတ် နည်းလာတာ ပါမှာပေါ့လေ။ ကျနော်တို့ဆို ကိုယ်ပိုင်ရုံလုပ်လာတာ ၅ နှစ် ၆ နှစ်ကျော်နေပြီ။ ဒေသခံတွေနဲ့ ဒီလိုဖြစ်တာ မကြုံဖူးပါဘူး။ အခုကတော့ နှစ်ဦးနှစ်ဖက် အကျိုးအတူတူရဖို့ နားလည်မှုရှိဖို့ ညှိနှိုင်းရမှာပေါ့” ဟု တခြား မြန်မာလုပ်ငန်းရှင်တဦးက ဆိုသည်။
ကျူရာကျန်ပူရှိ ရက်ကန်းစင်များမှ ဒေသရိုးရာဆင်များကို အဓိကထား ရက်လုပ်ပြီး အဆိုပါ အထည်များမှာ မဏိပူရ်ပြည်နယ်တဝန်းတွင် ဝတ်ဆင်ကြသည်။ အထည်လိုအပ်မှုကြောင့် မီဇိုရမ်ပြည်နယ်မှ ရက်ကန်းထည်များကို ရံဖန်ရံခါ တင်သွင်းရလေ့ရှိသည်။