အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။
ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Dirk Niebel နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့မနက် ၁၁ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲက လုံး၀ တရားမျှတ သန့်ရှင်းလွတ်လပ်တယ် ဆိုရင်၊ ဆန္ဒမဲပေးမှုတွေက လွတ်လပ်မျှတတယ် ဆိုရင်
ဥရောပသမဂ္ဂ အနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ စဉ်စားတာတွေ စလုပ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
Mr. Dirk Niebel ကလည်း ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးနှင့် မဲဆွယ်စည်းရုံးမှုများ လွတ်လပ် တရားမျှတစွာ လုပ်ခွင့်ရှိရေးသည် မြန်မာ့ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်အတွက် လွန်စွာအရေးကြီးကြောင်း ပြောသည်။
ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွင် ကြားဖြတ်ရွေးကောက်ပွဲက အဓိက အရေးပါသကဲ့သို့ အပြောင်းအလဲဖြစ်စဉ် အတွက်လည်း အလွန် အရေးကြီးကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသာမက မဲဆွယ်စည်းရုံးမှုများသည်လည်း လွတ်လပ်၍ တရားမျှတ ရမည် ဖြစ်ကြောင်း သူကဆိုသည်။
“မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ လိုအပ်တာကိုလည်း ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားဖို့ ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲပြီး နောက်ပိုင်း၊ လွှတ်တော်ထဲမှာ အတိုက်အခံတွေ ရောက်ရှိလာပြီးတဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး တည်ငြိမ်ဖို့ လိုပါတယ်” ဟု ဂျာမန်ဝန်ကြီးက ရှင်းပြသည်။
ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတ လွတ်လပ်ရေးသည် မဲပေးသည့်နေ့ တနေ့တည်းကို ကြည့်၍မရဘဲ ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရန် လိုအပ်ကြောင်း၊ ခြိမ်းခြောက်မဲပေးခိုင်းမှု၊ မဲဝယ်မှုများ မရှိရန်လည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
“မဲဆွယ်စည်းရုံးမှုအပါအဝင် ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံး တရားမျှတ လွတ်လပ်မှ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ ခေါ်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂသည် ရှင်းလင်းပြတ်သားသော လမ်းပြမြေပုံရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတ လွတ်လပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်၊
အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဆောင်ရွက်ရန်တို့သည် အဓိက ကျပြီး အရေးကြီးသော အချက်များဖြစ်ကြောင်း ဂျာမန်ဝန်ကြီးက သတင်းထောက်များကို ပြောသည်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေး သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတွေ စတင်ရမှာဖြစ်ပြီး အချိန်တိုအတွင်း ပြီးမြောက် အောင်မြင်ရမယ်။ အဲဒါကို စတင်ရမယ်။ နောက်ပြီး ဧပြီလမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်မှုတွေ လုပ်ပါလိမ့်မယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက် တိုးတက်မှု ရှိသလဲ ဆိုတာအပေါ် မူတည်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင်ပင် ဥရောပကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ မဟာမင်းကြီး Mr.Andris Piebalgs နှင့်လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့သည်။
ဥရောပ သမဂ္ဂအဖွဲ့ဝင်များသည် မြန်မာအစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတရန် ပြင်ဆင် ထားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။