ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ တောင်သူများက စပါးဈေး၊ ပဲဈေးကျဆင်းနေခြင်းကြောင့် နစ်နာနေမှုများနှင့် ပတ်သက်ပြီး ယနေ့ ဆန္ဒပြ တောင်းဆိုရန် စီစဉ်မှုကိုဒေသအာဏာပိုင်များက ခွင့့်ပြုခြင်းမရှိကြောင်း သတင်းရသည်။
ယခုနှစ်တွင် စပါးအထွက်နှုန်းကျဆင်းသည့် အပြင် ဈေးနှုန်လည်း ကျဆင်းကြောင်း၊ ပဲတီစိမ်းမှာလည်း မူလပေါက်ဈေးထက် တဝက်ကျော်ခန့် ကျဆင်းနေရာ တောင်သူများ အလွန်အမင်းနစ်နာနေပြီး စိုက်ပျိုးစရိတ်အကြွေးများကို ပြန်ဆပ်ရန် မတတ်နိုင်ကြောင်း၊ ထို့အတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြရန် ဦးဆောင်သူ လယ်သမားတဦးဖြစ်သည့် ရှေ့နေ ဦးသန်းဆွေက ပြောသည်။
“လယ်သမားတွေက စိုက်စရိတ်အကြွေးနဲ့ အရမ်းနစ်နာနေလို့ ရွာတိုင်းရွာတိုင်းက ရွာလုံးကျွတ် ဆန္ဒမယ်ဆိုတော့ စီစဉ်ရတာပါ” ဟု ၎င်းက ဆိုသည်။
လယ်သမားများ ဆန္ဒပြရန် ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ခွင့်တောင်းသော်လည်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ နည်းဥပဒေ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် ပြသခွင့်မရှိကြောင်း ငြင်းဆိုခဲ့သည်။
ဆန္ဒပြရာတွင် အနည်းဆုံး လူ ၂၀၀၀ ခန့် ပူးပေါင်းပါဝင်မည်ဖြစ်ပြီး ခရမ်းမြို့နယ် အမှတ် ၆ ရပ်ကွက် သံတံတားဈေး အနီးတွင် ဆန္ဒပြရန် စီစဉ်ထားကြောင်း၊ ကျဆင်းနေသည့် စပါးဈေးနှင့် ပဲဈေးကို မြှင့်တင်ပေးရေး၊ ဈေးနှုန်းနှင့် ဈေးကွက်တည်ငြိမ်စေရေး စသည့် အချက်များကို တောင်းဆိုရန် စီစဉ်ခဲ့သည်ဟု သိရသည်။
ယခုအခါ လယ်သမားများ၏ နစ်နာချက်များနှင့် ပတ်သက်ပြီး အစိုးရ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများက အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ဆက်သွယ်ကြောင်း ဦးသန်းဆွေက ပြောသည်။
ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ က၀ စသည့်နယ်များအတွင်း ပြီးခဲ့သည့်နှစ် မိုးရာသီက ရေကြီးရေလျှံဖြစ်ခဲ့သည့်အတွက် စိုက်ပျိုးပြီးသား စပါးခင်းများ ပျက်စီးခဲ့ရသည့်အပြင် ရေကျချိန်တွင် ထပ်မံစိုက်ပျိုးသည့် ပဲတီစိမ်းမှာလည်း လိုအပ်သည့် မိုးမရသည့်အတွက် ထွက်နှုန်းလျော့ကြောင်း သိရသည်။
ထိုသို့ စပါးနှင့်ပဲဈေးများ ကျဆင်းသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ၊ အကြွေး ဝယ်ယူထားသည့် ပိုးသတ်ဆေး၊ ဓာတ်မြေ သြဇာစသည့် တန်ဘိုးများကို ပြန်လည် ဆပ်နိုင်ခြင်း မရှိတော့ကြောင်း၊ လက်ရှိ စပါးဈေးမှာ တင်းတရာလျှင် ကျပ် ၃ သိန်းခွဲခန့် ဈေးရှိပြီး ပဲဈေးမှာမူ ၁၉၇၀၀ ကျပ်သာ ဈေးရှိသည်။
တခြား လယ်သမားတဦးဖြစ်သည့် ဦးချိုကြီးကလည်း တောင်သူလယ်သမားများ၏ အခြေအနေမှာ ဆိုးရွားနေကြောင်း၊ ရေရှည်တွင် စိုက်ပျိုးစရိတ် အကြွေးကျန်များ ပေးဆပ်ရန်ထက် စားဝတ်နေရေး အခက်အခဲများကိုပါ ရင်ဆိုင်ရနိုင်ကြောင်း ပြောသည်။