အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းနေရချိန်ဖြစ်တာမို့ တရုတ်ပြည်သူတွေ အနေနဲ့ ကျမတို့ကို ပိုပြီး နားလည်မှုပေးနိုင်ဖို့၊ နောက်ပြီး ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတခုအနေနဲ့ပဲ မမြင်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သည့်အခါတွင် နှစ်နိုင်ငံပြည်သူများ၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်အပါအဝင် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်းလည်း ပြောသည်။
တရုတ်က ရင်းနှီးမြှုပ်နှံထားသည် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က ရပ်တန့်ထားရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။
တချိန်တည်းတွင်ပင် မြန်မာ-အမေရိကန် ဆက်ဆံရေးသည် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် တိုးတက်လာပြီး သံတမန်အဆင့် ပြန်လည်ထားရှိရန် စီစဉ်ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွင် နည်းပညာအထောက်အကူ ရရှိစေရန် ပိတ်ဆို့မှုတချို့ အမေရိကန်က လျှော့ပေါ့ပေးခြင်းများ လုပ်ဆောင်နေသည်။
အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က အာရှနှုန်းစံတန်ဖိုးများနှင့် အနောက်တိုင်းနှုန်းစံတန်ဖိုးများ ဆန့်ကျင်ဘက်ဖြစ်သည်ဆိုသော အချက်ကို ငြင်းပယ်ကြောင်း၊ ထို့အပြင် တရုတ်နှုန်းစံတန်ဖိုးနှင့် အိန္ဒိယနှုန်းစံတန်ဖိုး မတူနိုင်သကဲ့သို့ မြန်မာ နှုန်းစံတန်ဖိုးကလည်း တသီးတခြားဖြစ်ကြောင်း ပြောထားသည်။
အဆိုပါမဂ္ဂဇင်းက တရုတ်သတင်းထောက် Yang Xizo ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းရန် ယမန်နှစ်က ရန်ကုန်သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်းနှင့် နီးစပ်သူများက ပြောသည်။
ယမန်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သံအမတ်ကြီး Li Junhua တို့ တွေ့ဆုံဆွေးနွေးသည့်ကိစ္စကို တရုတ်ဘာသာဖြင့် ရေးသားဖော်ပြသည့် Asia Weekly ကလည်း မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခြင်း မရှိကြောင်းသိရသည်။
အနှစ် နှစ်ဆယ်အတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်တရုတ်အရာရှိဖြစ်သော သံအမတ်ကြီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မရောက်ဖူးသေးကြောင်းနှင့် အလည်အပတ်သွားရန် ဆန္ဒရှိသည်ဟု ပြောကြားကြောင်း သိရသည်။