ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ(KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာသည် ကြားဖြတ် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့က ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ နေရာအတွက် လာမည့်ကြားဖြတ် ရွေးကောက် ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ကြောင်း ဒေါက်တာ တူးဂျာက ဧရာဝတီကိုပြောသည်။
မိုးကောင်းမြို့နယ်တွင် ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မဲပေးနိုင်သူ ဦးရေ သောင်းချီရှိပြီး မဲရုံပေါင်း ၆၅ ရုံရှိကြောင်း သိရသည်။
ဒေါက်တာ တူးဂျာသည် KSPP ပါတီ ကိုယ်စားလှယ်အဖြစ် အပါအဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့်ပါ ရွေးကောက်ပွဲ ကော်မရှင်က၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခွင့်မပြုခဲ့ပေ။ KSPPကို၂၀၀၉ ခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး KIO ခေါင်းဆောင် ဟောင်း တချို့လည်း ပါဝင်သည်။
“မနှစ်တုန်းက အစိုးရအဟောင်းက ကျတော့်ကို အသိအမှတ်မပြုခဲ့ဘူး။ ဒါပေမယ့် အခုအစိုးရသစ်က ကျနော့်ကို အသိအမှတ် ပြုတယ်။ ကျနော့်ကို လက်ခံတယ်။ ကျနော် ဒီလိုပဲ ယူဆတယ်”ဟု ဒေါက်တာ တူးဂျာ က ဆိုသည်။
အစိုးရသစ်က တနိုင်ငံလုံးအတိုင်းအတာဆောင်ပြီး ဘက်စုံက ပြုပြင်ပြောင်းလဲရေး လုပ်နေကြောင်း၊ အခြေအနေပြောင်း လဲလာသည်နှင့်အမျှ ၎င်း၏အနေအထားလည်း ပြောင်းလဲလာခြင်းဖြစ်ကြောင်း ဒေါက်တာ တူးဂျာက ဆက်ပြောသည်။
လာမည့်ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လွှတ်တော်တွင်းဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ကွင်းဆင်း ၍ ပြည်သူ့လိုအပ်ချက်များကိုလေ့လာ စမ်းစစ်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင်းရောက်ရှိပါက ဒေသဖွံ့ဖြိုးရေးအပြင် ပြည် တွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
“ပြည်တွင်းငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး အကြံပြုတင်ပြသွားမယ်။ ပြည်သူလူထုအကျိုးအတွက် တင်ပြသင့် တင်ပြ ထိုက် တာတွေကို ကျနော်တင်ပြသွားမှာပါ”ဟု ဒေါက်တာ တူးဂျာက ဆိုသည်။
ယခုအခါတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုသည် ယခင်ကနှင့်မတူဘဲ အလားအလာ အလွန်ကောင်းမွန်သည့် လက္ခဏာဖြစ်၍ ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးရရန် ယုံကြည်မှု တည်ဆောက်ရမည်ဖြစ်သည့်အတွက် အချိန်ယူလုပ်ဆောင်ရမည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ၂ ဘက်က ဖြေရှင်းသွားကြမယ်ဆိုတဲ့ သဘောထားတူညီတယ်လို့ ထင်ပါတယ်၊ ချဉ်း ကပ်ပုံ၊ ချဉ်းကပ်နည်းတွေကို ကြည့်ရတာလည်း အင်မတန်ပျော့ပြောင်းလာပါတယ်”ဟုလည်း ဒေါက်တာ တူးဂျာက ဆိုသည်။
ဒေါက်တာ တူးဂျာသည် ကချင်ပြည်နယ် မိုးကောင်းမြို့နှင့် အနီးဝန်းကျင်ရှိ စစ်ပြေးဒုက္ခသည်များ ရှိရာ စခန်းများသို့ သွားရောက်ရန် ရှိပြီး အကူအညီပေးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ အခြားလူမှုရေး အကူအညီ လိုအပ်သည့်နေရာများသို့လည်း သွားရောက်၍ ကူညီပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် တသားတည်း အတူ နေထိုင်သွားရန် ရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ ဆက် တိုက်ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ စစ်ပြေးဒုက္ခသည် ၄၅၀၀၀ ခန့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရကြောင်း KIOက ပြောဆို ထား သည်။
“လွတ်တော်မှာ အခုဆို လူသစ်တွေဝင်ရောက်လာပါမယ်။ ဒါဆိုရင်တိုင်းပြည်အတွက် အများကြီး ပိုကောင်းအောင် လုပ် ဆောင် သွားနိုင်မှာပါ။ ပြည်သူလူထုအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ပြောချင်ပါတယ်၊ လူမှန် နေရာမှန် တင်မြောက်နိုင်ဖို့လည်း လိုပါတယ်”ဟု ဒေါက်တာ တူးဂျာက ဆိုသည်။