တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိ ုကြကြောင်း သိရသည်။

စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။
“အရပ်ဘက်ဌာနတွေရဲ့ အကြီးအကဲတွေ အားလုံးကို စစ်တပ်က အငြိမ်းစားတွေ ခန့်ထားတာ ရပ်တန့်ပေးဖို့၊ ဒီလုပ်ရပ်ဟာ အရပ်ဘက် ဝန်ထမ်းတွေရဲ့တက်လမ်းတွေကို ပိတ်ပင်ရာ ရောက်တော့ စစ်တပ်အပေါ်မှာ အမြင်မကြည်မှုတွေ ဖြစ်နေတာတွေ ကို ပြေပျောက်သွားစေချင်တဲ့ အတွက်ပါ”ဟု ဒေါက်တာ အေးမောင် က ဆိုသည်။
မလွှဲ မရှောင်သာ ခန့်ထားရမည်ဆိုပါက ရဲ ဌာနကဲ့သို့ နေရာမျိုး၌ စစ်ယူနီဖောင်းဖြင့်သာ ခန့်ထားရေး စသည့် စစ်တပ်၏ အခန်း ကဏ္ဍများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။
ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက“ရေတပ် သဘောၤကျင်းမှာ လုပ်ခဲ့တဲ့အင်ဂျင်နီယာကို ကုန်းပေါ်က စက်ရုံမှာ ခန့်ထားတော့ သဘောသဘာ၀ လုံးဝကွာနေတဲ့ အတွက် အဆင်မပြေမှုတွေနဲ့ ကြုံရတယ်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဖြစ်၍ ပြည်သူ၏ အခွန်ငွေများဖြင့် သုံးစွဲရမည်ဖြစ်သောကြောင့် ပြည်သူ ယုံကြည်အားထားရသည့် တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
“တပ်မတော်သည် အမိ၊ တပ်မတော်သည် အဘ ဆိုတဲ့ ဆောင်ပုဒ်နေရာမှာ ပြည်သူ သည်သာ အမိ၊ ပြည်သူသည်သာ အဘ ဆိုတဲ့စ ကားရပ်ကို အစားထိုး ပြောင်းပေးဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ဦးသိန်းညွှန့် က ပြောသည်။
ကလေး စစ်သား စုဆောင်းမှု ပပျောက်ရေး အပါအဝင် တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေး ကိစ္စကိုလည်း မြှင့်တင်
ပေးရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်ဟု ဦးသိန်းညွှန့် က ဆိုသည်။
“စီးပွားရေးကောင်းမှ တပ်မတော်အင်အားရှိမယ်၊ စီးပွားရေးကောင်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်၊ နှစ်ပေါင်း ၆၀ ကျော် ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေနဲ့ တိုက်ခိုက်နေရတဲ့အတွက် ဖွံ့ဖြိုးမှု နှေးကွေးနေရတာပါ”ဟုလည်း ၎င်းကပြော သည်။
စစ်တပ်အရာရှိများ ဦးစီးသော စီပွားရေး ဦးပိုင်ကုမ္ပဏီ လီမီတက် နှင့်တပ်မတော်တို့အကြား မည်သို့ ဆက်စပ်ပတ်သက်မှု ရှိ သည်ကိုလည်း ပြည်သူများအား ရှင်းလင်းစွာထုတ်ပြန်ပေးရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး ကလည်း စစ်တပ်က ပြည်သူများ၏ လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်းများ နိုင်ငံတဝန်း ဖြစ်ပေါ်နေမှု၊ စစ်တပ်ပိုင် မြေ၌သာ တပ်ရိက္ခာ စိုက်ပျိုး မွေးမြူရေး လုပ်ရန်၊ လယ်သမားများ၏ အခွင့်အရေး အပြည့်အ၀ ရရန်နှင့်အကာအကွယ်ပေးရန်များကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောသည်။
စစ်တပ်လက်အောက်၌ စစ်တက္ကသိုလ် အပြင် တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဆေး တက္ကသိုလ်၊ ဆေးဘက် ပညာသင် တက္ကသိုလ် စသည်ဖြင့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်များ သီးသန့်ထားရှိခြင်းသည် တပ်မတော်နှင့်ကျောင်းသားများအကြား အ ယူ အဆများ လွဲမှားနိုင်သည့်အတွက် အရပ်ဘက်ဘွဲ့ရကျောင်းသားများကို တပ်မတော်၏ပညာရှင်အပိုင်း၌ နေရာပေးထားခြင်း မျိုး လုပ်ဆောင်ရန် ဆွေးနွေးကြကြောင်းလည်း သိရသည်။
“ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ် တွေ ကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံးစရိတ်တွေလည်း လျော့ကျသွားမှာပါ”ဟု ဒေါက်တာအေးမောင် က ဆိုသည်။
တပ်မတော်အား ပြည်ထောင်စု တပ်မတော်အဖြစ်တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုံနှင့်ပါဝင် ဖွဲ့စည်းရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဗိုလ်မှူးကြီး ဌေးနိုင်နှင့် ဗိုလ်မှူးကြီး တင့်ဆန်းတို့ က တပ်မတော် အင်အားရှိရန်လိုအပ်ကြောင်းကို အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်၍ ရှင်းလင်းပြီး အရပ်ဘက်ဌာနများတွင်လည်း တာဝန် ထမ်း ဆောင်ရန် တပ်မတော်မှ အငြိမ်းစားများအား စနစ်တကျလေ့ကျင့်ပေးထားပြီး ဖြစ်ကြောင်းတို့ကို ပြန်လည်ချေပ ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။
စစ်တပ်၏ အခန်းကဏ္ဍလျှော့ချရေးနှင့်ပတ်သက်၍ ဒီမိုကရက်တစ် အတိုက်အခံ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် စစ်တပ်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်က နှစ်သက်မှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။
လက်ရှိ မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အင်အားသည် ၃ သိန်း ဝန်းကျင် ရှိကြောင်း စစ်ဘက် အသိုင်းအဝန်းက ပြော ဆိုထားပြီး စစ်တပ် အသုံး စရိတ်ကို လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် တနိုင်ငံလုံး စရိတ်၏ ၁၅ ရာခိုင်နှုန်းနီးပါး လျာထားကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။