အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သည် ပြည်သူလူထုနှင့် ပိုမို နီးစပ်ရန် လိုအပ်ပြီး တပ်မတော်နှင့် ပြည်သူ လက်တွဲပြီးဒီမိုကရေစီရရှိရန် ဆောင်ရွက် သွားလိုကြောင်း ယနေ့ ပြောဆို လိုက်သည်။
ယနေ့ နံနက် လှည်းကူးမြို့နယ် ဘောလုံးကွင်းတွင် NLD ပါတီအတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်စဉ် ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့ကို ထောက်ခဲ့တဲ့သူတွေထဲမှာ လှည်းကူးမြို့နယ်မှာမို့လို့ တပ်မိသားစုတွေလည်း အများကြီး ပါမယ်လို့ မျှော်လင့်ပါတယ်။ ဒီမြို့နယ်ကနေ စပြီးတော့ တပ်မတော်နဲ့ပြည်သူကြားမှာ ပိုပြီး နီးစပ်အောင်လို့ တပ်မတော်နဲ့ ပြည်သူ လက်တွဲပြီးတော့ ဒီမိုကရေစီရအောင် လုပ်ကြပါစို့လို့ ဆန္ဒပြုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒီမိုကရေစီနိုင်ငံရေးတွင် သဘောထားမတူညီမှုများ ရှိနိုင်ကြောင်း၊ ယင်းသဘောထား မတူညီမှုများကို အေးချမ်းစွာ အကြမ်းမဖက်ဘဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယင်းနည်းလမ်းမှာ ရွေးကောက်ပွဲပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေနှင့် တဦးနှင့်တဦး ရန်ဘက်ကဲ့သို့ သဘောမထားဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထား၍ နိုင်လျှင် ညှာတာမှုနှင့် သဘောထားကြီးရမည် ဖြစ်သကဲ့သို့၊ ရှုံးသော အခါတွင်လည်း အိန္ဒြေဂုဏ်သိက္ခာနှင့် အောင်နိုင်သူကို မေတ္တာပို့ မုဒိတာပွားနိုင်သော အရည်အချင်းရှိရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ယှဉ်ပြိုင်ဘက်ဆိုတာ တနည်းအားဖြင့် ဒီမိုကရေစီ ရှင်သန်အောင် လုပ်ပေးတာပဲလို့ ကျတို့စိတ်ထဲမှာ ထားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ အတိုက်အခံရှိမှ ဒီမိုကရေစီ ဖြစ်မြောက်တာပါ။ အတိုက်အခံမရှိဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ
ပြောလို့ မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ ခုစလုံး၌ ဝင်ပြိုင်ခြင်းဖြင့် ဒီမိုကရေစီ အတိုက်အခံ အဖြစ် တရားဝင်ရပ်တည်မည်ဟုလည်း သူက ပြောသည်။
“၄၈ နေရာဆိုတာက လွှတ်တော်ထဲမှာရှိတဲ့နေရာတွေထက် ရာခိုင်နှုန်းနည်းနည်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းနည်းလေးအတွက် ကျမတို့ယှဉ်ပြိုင်တာက ဒီမိုကရေစီစိတ်ဓာတ်နဲ့ ယှဉ်ပြိုင်တာပါ။ ဒီမိုကရေစီ အတိုက်အခံအဖွဲ့တခုအနေနဲ့ ရပ်တည်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့ယှဉ်ပြိုင်တာပါ။ အတိုက်အခံလုပ်ရဲတဲ့ သတ္တိ ကျမတို့မှာ ရှိမှ တကယ် နိုင်ငံကို ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေလည်း ကျမတို့မွေးမြူနိုင်မှာ ဖြစ်ပါတယ်။ အတိုက်အခံမလုပ်ရဲတဲ့ အတိုက်အခံ အနည်းစုအနေအထားမှာ မနေရဲတဲ့ အင်အားစုတွေဆိုတာက စစ်မှန်တဲ့ဦးဆောင်မှုကို ပေးနိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးသည် NLD ပါတီ၏ အဓိက မူဝါဒများ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရန် ပြည်သူ့ထောက်ခံမှု လိုအပ်နေကြောင်း သူက ဆက်ပြောသည်။
“၁၉၉၀ ခုနစ်ကနေပြီးတော့ ၂၀၁၂ ခုနစ်ရောက်တဲ့အထိကို ကျမတို့အများကြီး ဖြတ်ကျော်ခဲ့ရတယ်၊ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဒီဟာတွေက တန်ပါတယ်။ အဲဒီလို ရုန်းကန်ခဲ့လို့၊ ဖြတ်ကျော်ခဲ့လို့ အခုကျမတို့က ပြည်သူနဲ့ပြန်ပြီးတော့ ထိတွေ့ပိုင်ခွင့် ရတယ်။ ပြည်သူရဲ့အင်အားနဲ့ ကျမတို့ အင်အားနဲ့ ပေါင်းပြီးတော့ ကျမတို့လိုချင်တဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေပေးမယ့် လမ်းတခုပွင့်လာတယ်။ လမ်းကပွင့်ရုံပဲ ရှိသေးတယ်။ ကျမတို့ ဒီလမ်းကို လျှောက်နိုင်ဖို့ဆိုတာက ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့မဲပေးဖို့ လိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။
လှည်းကူး မြို့နယ်တွင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၈၈ မျိုးဆက်ကျောင်းသားဟောင်း တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက ဝင်ရောက်ယှဉ်ပြိုမည်ဖြစ်သည်။
လှည်းကူးမြို့နယ်ရှိ ဘောလုံးကွင်းတွင် လူထုဟောပြောခွင့်ရရှိရန် တရားဥပဒေအတိုင်း ကြိုးစားခဲ့ရကြောင်း၊ ယမန်နေ့က လှည်းကူး ဘောလုံးကွင်းကို အသုံးပြုခွင့် ပေးပြီးမှ ဒေသခံ တာဝန်ရှိသူများက သုံးပိုင်ခွင့်ကို ပြန်ရုပ်သိမ်းခဲ့ကြောင်း၊ ထို့ကြောင့် NLD ပါတီက အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ကြောင်း သိရသည်။
“ရွေးကောက်ပွဲကော်မရှင်ကလည်း မှန်မှန်ကန်ကန်ပဲ ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရှိစေရမယ်၊ ဆက်ပြီးတော့ လုပ်စေရမယ်ဆိုတာနဲ့ ကျမတို့အခုလို စုရုံးနိုင်တယ်။ အဲဒါဥပဒေစိုးမိုးရေးပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုခြင်းမှာ ပြည်သူလူထု၏ သြဇာအာဏာသည် နိုင်ငံကို လွှမ်းမိုးစေရရန်အတွက် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကို အကျိုးပြုမည့် ဥပဒေ ဖြစ်ရန်လိုကြောင်း သူက ဆက်လက် ပြောဆိုသည်။
“ပြည်သူလူထုကို အကျိုးပြုမယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုရဲ့ အင်အားက လွှမ်းမိုးရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တရားနည်းလမ်းအရ အေးအေးဆေးဆေးနဲ့ လွှမ်းမိုးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ကျမတို့ လိုတာပါ။ ပြည်သူလူထုရဲ့ သြဇာအာဏာ လွှမ်းမိုးနိုင်မှ ပြည်သူလူထုက ချမ်းသာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တောင်သူလယ်သမားများ ဘဝတိုးတက်ခိုင်မာရေးအတွက်လည်း NLD ပါတီက ကြိုးပမ်းလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။
ယနေ့ လှည်းကူးမြို့နယ်အတွင်း NLD ပါတီ စည်းရုံးရေး ခရီးစဉ်တွင် ဒေသခံ ပြည်သူလူထု ထောင်ပေါင်းများစွာ တို့က လမ်းဘေးဝဲယာ တလျှောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။