သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် ပြုလုပ်နေသော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုများကို အားရကြောင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူ အညီများ ပေးသွားမည် ဖြစ်ကြောင်းဥရောပ သမဂ္ဂ(EU)က ပြောသည်။
EU ဖွံ့ဖြိုးရေး ကော်မရှင်နာ Andris Piebalgs က မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်သည့် ယမန်နေ့က ထုတ်ပြန်ချက်တွင် ပြောကြား လိုက်ခြင်းဖြစ်သည်။
၃ ရက်ကြာခရီးစဉ်အတွင်း မြန်မာနိုင်ငံ အနာဂတ် ရုပ်ပုံကားချပ်ကို ကျယ်ပြန့်စွာတွေ့မြင်ခဲ့ရ၍ သမ္မတ ဦးသိန်းစိန် ဦးဆောင် ပြုလုပ်နေသည့် သမိုင်းဝင် ပြုပြင်ပြောင်းလဲမှု ခြေလှမ်းများကို အားရမိခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က စတင်ရောက်ရှိလာသည့် Andris Piebalgs သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည် သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပညာရေး ဝန်ကြီး ဒေါက်တာ မြအေး၊ မီးရထား ဝန်ကြီး ဦးအောင်မင်း ၊ ကျမ်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင် စသည့်အစိုးရအဖွဲ့ဝင်များ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံ တကာ NGO များ၊ ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲသည် လွတ်လပ်မျှတ၍ ယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်ရေးတို့ကို ဆွေးနွေးကြောင်း Andris Piebalgs က ပြောဆိုသည်။ ထို့
နောက် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ EU ၏အကူအညီဖြင့်လုပ်ကိုင်နေသည့် စီမံကိန်းများသို့လည်း သွားရောက်ခဲ့သည်ဟု သိရ သည်။
ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်လေ့လာသုံးသပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲသည် ရလဒ်ကောင်းကိုပြသ ၍ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည် ဆိုပါက မြန်မာနိုင်ငံအပေါ် EU ၏ ပိတ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းရန် ဦးတည်နေပြီ ဖြစ်ကြောင်းလည်း ဆိုသည်။
သမ္မတ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့နှင့်တွေ့ဆုံရာတွင် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့် အရေး လေးစားလိုက်နာရန်၊ နိုင်ငံရေး အကျဉ်းသား ထပ်မံလွှတ်ပေးရန်တို့ကို တိုက်တွန်း ဆွေးနွေးခဲ့သည်ဟု Andris Piebalgs က ပြော သည်။
မြန်မာအစိုးရ၏ လက်ရှိဆောင်ရွက်နေသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုကိုလည်း EU အနေဖြင့် အသိအမှတ်ပြု ချီးကျူးလိုက်ပြီး ကူညီထောက်ပံ့သွားမည်ဟုလည်း ဆိုသည်။
ထို့အပြင် EU အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အပြောင်းအလဲများအပေါ် EU အနေနှင့် ကူညီထောက်ပံ့လိုကြောင်း၊ မြန်မာနိုင်ငံသို့ EU အဆင့်မြင့် ကိုယ်စားလှယ်များကိုစေလွှတ်၍ တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် တိုးမြှင့်သွားလိုကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို EU ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများကလည်း ကြိုဆိုထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
၎င်း၏ တွေ့ဆုံဆွေးနွေးမှုများအရ မြန်မာနိုင်ငံ၌ ချမ်းသာကြွယ်ဝမှုနှင့် ဖွံ့ဖြိုးတိုးတက်လိုသော ဆန္ဒများကို နားလည်သဘောပေါက် ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
EU အနေနှင့် မြန်မာနိုင်ငံသို့ လာမည့် ၂ နှစ်အတွက် ယူရို သန်း ၁၅၀ ကူညီမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုရေး ကဏ္ဍများအတွက် ဖြစ်သည်ဟု ဆိုသည်။ ယင်း အကူအညီသည် ၁၉၉၆ ခုနှစ်က စတင် ပေးခဲ့သည့် အကူအညီထက်၂ ဆနီးပါး ရှိကြောင်း သိရသည်။
၁၉၉၆ ခုနှစ်က စတင်ခဲ့သည့် EU အကူအညီ ပေးမှုများတွင် လူဦးရေ ၉၀၀၀၀ ခန့်အတွက် စိုက်ပျိုးမြေများနှင့် စားရေရိက္ခာ၊ ကလေး ၆ သန်း ခန့်အတွက် စာသင်ကျောင်းများနှင့် သင်တန်းများ၊ ငှက်ဖျား ရောဂါဝေဒနာရှင် ၂ သန်းခန့် နှင့် HIV ဝေဒနာရှင် ၆ သိန်းခန့် အတွက် အကူအညီများကို ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လာမည့် နှစ်ကာလများအတွက်လည်း မြန်မာပြည် ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီများ တိုးမြှင့်ကူညီသွားရန်ရှိပြီး ယင်းအကူအညီများသည် အခြေခံ လူမှု စီးပွား ကဏ္ဍစဉ်များ ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် အဓိ က တွန်းအားလည်း ဖြစ်ကြောင်း ပါရှိသည်။