ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီး၌ အလုပ် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နံနက် ၅ နာရီ ခန့်တွင်ဝင်ရောက် ဖမ်းဆီးကြောင်း သိရသည်။
ထိုင်း စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က လမ်းများ ပိတ်၍ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မဲဆောက်အခြေစိုက် မြန်မာ ပြည်သူများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှ ဦးမိုးကြိုးက ဧရာဝတီသို့ ပြောသည်။
“လမ်း ဟိုဘက် ဒီဘက် ပိတ်ပြီးတော့ အဲဒီကြားထဲမှာ လမ်းသွား လမ်းလာ အကုန်ဖမ်းတယ်။ မဲဆောက်ဈေး အတွင်းအပြင် ကျတော့ ဈေးသည်နဲ့ တွန်းလှည်းသည်တွေကို ဖမ်းတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းသတင်းများ၏ အဆိုအရ အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို စီမံချက်အရ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
မဲဆောက်မြို့လယ်ခေါင်ဈေးအတွင်းရှိ မြန်မာအလုပ်သမားများအား လွန်ခဲ့သည့် ၆ လခန့်ကလည်း ဝင်ရောက် ဖမ်းဆီး ခဲ့သေးကြောင်း၊ ယခုတကြိမ် ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ်အတွက် ပထမဆုံး ဖြစ်ကြောင်း ဦးမိုးကြိုးက ဆိုသည်။
အဖမ်းခံရသူများသည် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း မည်သည့် ပုဒ်မများဖြင့် အရေးယူဆောင်ရွက် ခံရမည်ကို မသိရသေးကြောင်း၊ သို့သော် ဒဏ်ငွေ ပေးဆောင်ရဖွယ် ရှိကြောင်း ၎င်းက ပြောသည်။
ဈေးကို လမ်းပိတ်၍ ဖမ်းဆီးခဲ့သောကြောင့် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များ ခေတ္တ ပိတ်ခဲ့ရကြောင်း သိရသည်။
အဖမ်းခံရသည့် လက်မှတ်ကိုင်ဆောင်ထားသူ တချို့ကို အလုပ် ပိုင်ရှင် သူဌေး၏ အာမခံနှင့် ပြန်လည်လွှတ်ပေးခဲ့ပြီး တရားမဝင် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လဝက) အချုပ်သို့ ပို့ဆောင်ထားကြောင်း ဦးမိုးကြိုးက ပြောသည်။
တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူ မြန်မာပြည်သားများသည် ရက်ပိုင်း အတွင်း မြန်မာပြည်ဘက်ကမ်းသို့ ပြန်ပို့ခံရလေ့ရှိ သည်။ မဲဆောက်မြို့သည် ကရင်ပြည်နယ် မြဝတီမြို့နှင့် တဖက်ကမ်းတွင် တည်ရှိပြီး ဖြစ်ပြီး မြန်မာပြည်သား အများအပြား နေထိုင်လျက်ရှိသည်။
မြန်မာ အလုပ်သမားများမှာ အဓိကအားဖြင့် သိုးမွှေးစက်ရုံ၊ အထည်ချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီ အလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း သိရသည်။