မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍအတွက် မူဝါဒရွေးချယ် သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့် ညီလာခံကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ ဝန်ကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ NGO များ၊ သံတမန်များအပြင် ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးနိုဘယ်လ်ဆုရှင် ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ်ဇ်၊ သမ္မတ၏ စီးပွားရေးအကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပြည်တွင်းပြည်ပမှ ထင်ရှားသော ပညာရှင်များ တက်ရောက်သည်။
“အခု ညီလာခံကြီးက အမျိုးသားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုစီမံကိန်း အောင်မြင်စေဖို့နဲ့ ဆောင်ရွက်သင့်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ ထိရောက်အောင် ကူညီနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်” ဟု ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ညီလာခံဖွင့်ပွဲတွင် ပြောကြားသည်။
ယခုကျင်းပသောညီလာခံသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ဆွေးနွေးသော်လည်း ဖွံ့ဖြိုးမှုအတွက် အဓိက လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဇော်ဦးက ပြောသည်။
“ပညာရေးနဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုက လုပ်လို့မရပါဘူး။ လက်တွေ့မကျပါဘူး” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြအေးကလည်း ယခုဆွေးနွေးပွဲမှ ဆုံဖြတ်ချက်များသည် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာအစိုးရအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ခန့်မှန်းထားကြောင်း ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်။
ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးမှုဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုသည့် အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တိုးတက်မှုတွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ကိုသာ အခြေခံတွက်ချက်သည့် အယူအဆကို ပြောင်းလဲရမည်ဖြစ်ကြောင်း ညီလာခံတွင် ပညာရှင်များက ဆွေးနွေးကြသည်။
ဒေါက်တာ စတစ်ဂလစ်က ပြုပြင်ပြောင်းလဲမှုပြုရာတွင် ကောင်းမွန်သော မြေဆီသြဇာ၊ ပင်လယ်ထွက်ပေါက်ရှိခြင်း၊ မြင့်မားသော လူမှုအရင်းအနှီးရှိခြင်း၊ ရာသီဥတုကောင်းမွန်ခြင်း၊ အလုပ်ကြိုးစားသော လုပ်သားအင်အားစု ရှိခြင်းတို့အပေါ်မူတည်ကာ မြန်မာ့စီးပွားရေးကို တည်ဆောက်ရမည်ဟုဆိုသည်။
“စိန်ခေါ်မှုဆိုတာကတော့ အတိက်က ကန့်သတ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ရတာပါ။ အဲဒါကို အခု အခွင့်အလမ်းသစ်အနေနဲ့ အသုံးချရမှာပါ” ဟု ဒေါက်တာ စတစ်ဂလစ်ဇ်က အကြံပြုပြောကြားသည်။
ထို့အပြင် မြေယာပြုပြင်ပြောင်းလဲမှုနှင့် ပတ်သတ်၍ အသေးစား လယ်ယာလုပ်ကွက်များအတွက် ချေးငွေနှင့် နည်းပညာ လုံလောက်စွာရရှိရန် အရေးကြီးသည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် မှီခိုနေရသော လယ်ယာကဏ္ဍအတွက် ဈေးကွက်၊ မြေယာကိစ္စ၊ ချေးငွေ၊ နည်းပညာ၊ အခြေခံအဆောက်အအုံ၊ ပညာရေးနှင့် ကျန်းမာရေး၊ လယ်ယာကဏ္ဍမှ မဟုတ်သော အလုပ်အကိုင် ဖန်တီးရေးတို့သည်လည်း အရေးကြီးသည်ဟု ဒေါက်တာ စတစ်ဂလစ်ဇ်က ဆိုသည်။
၂၀၁၅ ခုနှစ်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းနိုင်မည့် အာဆီယံ လွပ်လပ်စွာ ကုန်သွယ်မှုဇုန်နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းတို့အတွက်လည်း ကြိုတင်ပြင်ဆင်ရန် ညီလာခံတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“မြန်မာနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေက မှားခဲ့တာတွေကို သင်ခန်းစာယူ၊ ကိုယ်တိုင် အတိက်က အမှားကို သင်ခန်းစာယူရမယ်” ဟု ညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့သူတဦးက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအတွက် ရည်ရွယ်ရေးသားထားသော စာတမ်းများ၊ အိမ်နီးချင်းနိုင်ငံများ ကြုံတွေ့ခဲ့၊ တွေ့ကြုံနေရသော ဖွံ့ဖြိုးမှုအခက်အခဲ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာများကို မျှဝေသွားသည့် ဆွေးနွေးပွဲတခုဖြစ်၍ မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။